ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝလာပြီ။ အဝတ်တွေဝတ်ရတာအဆင်မပြေတော့ဘူး။ ငါတော့ ဝိတ်လျှော့တော့မှဖြစ်မယ်၊ လို့ စဉ်းစားလိုက်ရင် တော်တေ်ာများမာျးပြေးမြင်တာက အစားလျှော့စားဖို့ပါ။ ဒါဆိုမေးစရာရှိတာက အစားစားလို့ ဝတာလား။ ဟုတ်တယ်လေ။ စားလို့ဝတာပေါ့၊ ရှင်းနေတာပဲဆိုတဲ့သူလေးတွေကို တစ်ခုလောက်ရှင်းပြပါရစေလား။ အစားစားတိုင်းဝတာမဟုတ်ပါဘူး။ အထောက်အထားပြမယ်နော်။ တူတူဆက်ကြည့်ရအောင်လား။
အစားစစားတိုင်း ဝလာတာမဟုတ်ဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရအစားစားလို့ဝတယ်ဆိုတာထက် အစားစားချိန်နောက်ကျတာကြောင့် ပိုဝလာရတာပါ၊လို့တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ကို အသေးစိတ်လေ့လာထားတာဖြစ်ပါတယ်။

အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ အဝလွန်သူအရေအတွက်တွေတိုးလာနေပါတယ်။ ဒါကြောင့် ဝိတ်ချဖို့အတွက် ဆေးသောက်တာတွေ၊ ခွဲစိတ်ကုသတာတွေ၊ အစားအစာချင့်ချိန်စားသုံးတာတွေလုပ်လာကြပါတယ်။ ဒါတွေက ငွေကုန်ကြေးကျများသလို ကျန်းမာရေးအပေါ်သက်ရောက်မှုကလည်း ကြီးပါတယ်။ဒီတော့ မဖြစ်ခင်ကကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။
ဒီတော့အဝလွန်တာကို မဖြစ်စေဖို့ နည်းလမ်းကောင်းလေးတစ်ခုပြောပြပါရစေလား။ ဒါကတော့ အစားစားတဲ့အချိန်ကို သတ်မှတ်တာပါ။ အစားအသောက်က လူတစ်ယောက်ဝလာစေဖို့ အဓိက အခန်းကဏ္ဍမှာပါတယ်ဆိုပေမယ့် ဒီအစားအသောက်စားတာကို အချိန်အတိအကျလေးသတ်မှတ်ပြီး စားသုံးမယ်ဆိုရင်တော့ အဝလွန်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါနော်။
ဝိတ်လျှော့တော့မယ်ဆိုပြီး အစားအသောက်ပုံစံကို အဓိကပြောင်းလဲပေမယ့် ဒီလိုပြောင်းလဲမှုက ဝမလာစေဖို့ ၁၀၀ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုနး်ကနေ ၄၅ ရာခိုင်နှုန်းလောက်အထိပဲသက်ရောက်မှုရှိတာပါ။

အဝမလွန်ဖို့ အစားစားတဲ့အချိန်ကို ပြောင်းကြစို့!

၂၀၁၁ ခုနှစ်ကလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ညဘက်နောက်ကျမှ အစားစားတတ်သူတွေက ပုံမှန်ထက်ပိုဝလာနိုင်ခြေများနေသလို အဝလွန်ဖြစ်နိုင်ခြေလည်း များနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ တွေ့ရှိခဲ့တာတစ်ခုက ည ၈ နာရီနောက်ပိုင်းမှာ ကယ်လ်လိုရီစားသုံးမှုများတာက အဝလွန်ဖြစ်နိုင်ခြေကို တော်တော်လေးများစေတယ်ဆိုတဲ့အချက်ပါ။ နောက်တစ်ချက်ကတော့ အိပ်ရေးပျက်တာများထားတာပါ။ အိပ်ရေးပျက်ထားသူတွေက ကယ်လ််လိုရီတွေကို ပိုစားမိတာကြောင့် ပုံမှန်အိပ်စက်ချိန်ရှိသူတွေထက် ပိုပြီး အဝလွန်ဖြစ်နိုင်ပါတယ်နော်။

ရိုးစင်းတဲ့ပြောင်းလဲမှုတစ်ရပ်အနေနဲ့ မနက်စာစားချိန်နဲ့ ညစာစားချိန်ကိုပြောင်းလဲမှုက အဝလွန်မဖြစ်အောင် ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။  လေ့လာမှုအတွင်း သုတေသီတွေက အသက် ၃၆ နှစ်ဝန်းကျင် ပုံမှန်ကိုယ်အလေးချိန်ထက်ပိုနေသူတွေ၊ အဝလွန်နေသူတွေ ၃၁ ဦးကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း ပါဝင်သူတွေရဲ့ စားသောက်မှုပုံစံ၊ အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာတို့ကိုပါလေ့လာခဲ့ပါတယ်။ အထိုင်များတဲ့ အလုပ်လုပ်နေတာလားဆိုတဲ့အချက်တွေကိုပါလေ့လာခဲ့တာပါ။

သုတေသီတွေက လေ့လာမှုမှာပါဝင်သူတွေကို ဖုန်းအက်ပ်တစ်ခုသုံးပြီးစောင့်ကြည့်ခဲ့ပါတယ်။ စားသောက်တဲ့အစားအစာတွေနဲ့အစားစားချိန်တွေကို အတိအကျရယူခဲ့ပါတယ်။ အိပ်စက်ချိန်တွေပါမကျန်ပေါ့။  တစ်နေ့ကို ၇ နာရီထက်လျော့ပြီးအိပ်တဲ့သူတွေ၊ ည ၈ နာရီနောက်ပိုင်းမှ အစားစားသူတွေက ပုံမှန်ထက်ပိုပြီး အဝလွန်နိုင်ခြေပိုများနေပါတယ်။ ညကိုနောက်ကျပြီး အစားစားလေလေ ဝနိုင်ခြေကပိုများလေလေပါနော်။ ဒီတော့ အဖြေကလွယ်ပါတယ်။ ညနေစောင်းထဲက စားချင်တာတွေအပြီးစားပေါ့။ ညစာကို နောက်အကျဆုံး ၈ နာရီမတိုင်ခင်စားတာက အဝလွန်တာမဖြစ်နိုင်ဖို့ရော ဝိတ်မတက်စေဖို့ရော ကာကွယ်ရာရောက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required