ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက်ကူးမည့်အချိန်ကို ဧပြီလကုန်ခန့်တွင် ပြောနိုင်ပြီ

ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက်ကူးမည့်အချိန်ကို ဧပြီလကုန်ခန့်တွင် ပြောနိုင်ပြီ

မတ်၊ ရန်ကုန် ။                  ။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ပြင်ဆင်မှုအပိုင်းမှာ သုံးပုံတစ်ပုံ ပြီးစီးနေပြီး စတင်ရိုက်ကူးမည့် အချိန်ကို ဧပြီလကုန်ခန့်မှာ အကြမ်းဖျဉ်းပြောနိုင်ပြီဖြစ်ကြောင်း ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် လူမင်းက ပြောဆိုလိုက်သည်။

“ပြင်ဆင်မှုရာခိုင်နှုန်းကတော့ ပြောရမယ်ဆိုရင် သုံးပုံတစ်ပုံ ပြီးပါပြီ။ ဒီဇာတ်ညွှန်းပြီးတဲ့အခါမှာ အသေးစိတ် ပြင်ဆင်မှုအနေနဲ့ ဆက်သွားရင် ကိုယ်တို့ ရိုက်ကူးရေးကတော့ ဧပြီလကုန်လောက်ဆိုရင် ရိုက်ကူးရေး အကြမ်းဖျဉ်းအချိန်ဇယားလောက်ကို ပြောနိုင်ပါပြီ။ အခုတော့ မပြောနိုင်သေးပါဘူး” ဟု လူမင်းက ပြောသည်။

မတ် ၂၆ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအအတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၏ (၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့နေရာအတွက် ဝတ်စုံပိုင်းကို ကိုယ်တိုင်းဖြင့် ချုပ်လုပ် ပြီးစီးနေပြီ ဖြစ်ပြီး ဇာတ်ညွှန်းပိုင်းတွင် အပြီးသတ်ဇာတ်ညွှန်းကို ရေးနေကြောင်း  ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဘက်မှ သိရသည်။

 “ရိုက်ကူးရေးအချိန်ကာလကတော့ မူလရည်မှန်းချက်အတိုင်း ၂ဝ၁၉ ထဲမှာ ပြီးစီးအောင် ရိုက်ကူးပြီးတော့ ၂ဝ၂ဝ မှာ ရုံတင်ပြသရေးဆိုတဲ့ ရည်မှန်းချက်အတိုင်း ကြိုးစားနေပါတယ်” ဟု လူမင်းက ပြောသည်။

ထိုသို့ ပြောဆိုထားသော်လည်း လတ်တလောတွင် သရုပ်ဆောင်ရွေးချယ်ရေးအပိုင်းတွင် လျှောက်ထားသည့် အထဲက လျှောက်လွှာများကို စီစစ်ရွေးချယ်သည့်အဆင့်သာရှိနေသေးပြီး လူတွေ့စစ်ဆေးရန် စီစဉ်နေသည်ဟု သိရသည်။ သင်္ကြန်အပြီး၌ ဇာတ်ပို့၊ ဇာတ်ရံများကို ထပ်မံခေါ်ယူသွားမည်ဟု သိရသည်။

ဗိုလ်ချုပ်ရုပ်ရှင်အတွက် Location Counting ကို မတ် ၂၇ ရက်နေ့တွင် စတင်ထွက်မည်ဖြစ်ပြီး သမိုင်းဝင် နေရာများ၏ အခြေခံအချက်အလက်များကို လေ့လာပြီး ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

“ဒီသမိုင်းထဲက ဇာတ်ဝင်ခန်းနေရာတွေကတော့ အရင်ခေတ်တုန်းက အခြေအနေအတိုင်းရှိမှာတော့ မဟုတ်ဘူး ။ ဒါပေမယ့် ကိုယ်တို့ တကယ်သမိုင်းနေရာတွေကို မရောက်ရောက်အောင် သွားမယ်။ သမိုင်းဝင်နေရာတွေရဲ့ အခြေခံအချက်အလက်တွေက ဘယ်လိုရှိသလဲ။  ဥပမာ တောရှိသလား၊ တောင်ရှိသလား။ ဘယ်နေရာမှာ ဗိုလ်ချုပ် ခဏ စတည်းချခဲ့တဲ့နေရာ ဘယ်လိုနေရာမျိုးရှိတယ်။ ဘယ်လိုအိမ်မျိုးလဲ။ ဒါတွေကိုတော့ ကိုယ်တို့က မှတ်တမ်းမှတ်ရာ၊ လက်ရှိအခြေအနေမှာရှိတဲ့ အနေအထားအတိုင်း အားလုံးကို ကိုယ်တို့ရအောင်တော့ Location Counting အကုန်လုံးကို ထွက်ပါ့မယ်လို့” ဟု လူမင်းက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းပိုင်းဆိုင်ရာတွင် ၁၁၆ ခန်း ရှိပြီး  သမိုင်းဆိုင်ရာအချက်အလက် မှားယွင်းမှု မရှိစေရေး စီစစ်သည့် အဆင့် ပြီးစီးနေကာ ရုပ်ရှင်ပိုင်းဆိုင်ရာဇာတ်ညွှန်းဖွဲ့နွဲ့မှုအပိုင်းကို ယခု ရေးသားနေ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly