အလုပ်မဖြစ်တဲ့ တားမြစ်ချက် ဆိုင်းဘုတ်တွေ ဖြုတ်သာပစ်ကြပါ

အလုပ်မဖြစ်တဲ့ တားမြစ်ချက် ဆိုင်းဘုတ်တွေ ဖြုတ်သာပစ်ကြပါ

မြန်မာတစ်နိုင်ငံလုံး အမျိုးမျိုးအထွေထွေသော လမ်းညွှန်ချက်၊ ပြဋ္ဌာန်းချက်နှင့် အခြား အကြောင်းပြချက် အမျိုးမျိုး ရေးသားထားသည့် ဆိုင်းဘုတ် အမျိုးမျိုးကို တွေ့နိုင်သည်။ ဥပမာ ဤနေရာတွင် အပေါ့ အလေးမသွားရ၊ ဤနေရာတွင် ကွမ်းတံတွေ မထွေးရ စသည့် ဆိုင်းဘုတ်မျာ းအပြင် မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်၊ ပညာ ရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ စသည့် အကြောင်းအရာ အမျိုးမျိုးကို ဖေါ်ပြ နေသည့် ဆိုင်းဘုတ်များ ပါဝင်သကဲ့သို့ လမ်းညွှန်ချက်နှင့် တားမြစ်ချက်များကို ဖေါ်ပြသည့် ဆိုင်းဘုတ်များကိုလည်း တွေ့မြင်နိုင်သည်။

ဤနေရာတွင် ကားမရပ်ရ၊ တစ်လမ်းမောင်း၊ ဤလမ်းပေါ်တွင် ယာဉ်လုံးဝမရပ်ရ၊ ယာဉ်မရပ်ရလမ်း၊ ဤနေ ရာတွင် ဈေးမရောင်းရ၊ လူကူးမျဉ်းကျားမှ ကူးပါ စသည့် လမ်းညွှန်ချက်နှင့် တားမြစ်ချက်များကို ရန်ကုန်မြို့ နေရာအနှံ့ လက်ညှိုးထိုးမလွဲ တွေ့မြင်နိုင်သည်။ ထိုထိုဤဤသော ဆိုင်းဘုတ်များသည် လူတစ်ဦးချင်း၏ လမ်းညွှန်ချက်များ ပါဝင်သကဲ့သို့ အစိုးရဌာန အသီးသီး၏ လမ်းညွှန်ချက်နှင့် ထိုတားမြစ်ချက်များကို မလိုက်နာပါက ဥပဒေနှင့် ငြိစွန်း နိုင်သည်အထိ ဖြစ်နိုင်သော ဆိုင်းဘုတ်များလည်း ပါဝင်သည်။

သို့သော် တားမြစ်ချက်များ လမ်းညွှန်ချက်များသည် အမှန်တကယ် အသုံးဝင်ပါ၏လော၊ လူတိုင်း လိုက်နာနိုင် ပါ၏လော တားမြစ်ချက်၊ လမ်းညွှန်ချက်များကို မလိုက်နာပါက ဥပဒေနှင့် ငြိစွန်းနိုင်မှန်း သိလျက်နှင့် မည်သည့်အ တွက်ကြောင့် ဖေါက်ဖျက်နေကြပါသနည်း၊ မည်သည့် အတွက်ကြောင့် အရေးယူ အပြစ်မပေးနိုင်ပါသနည်း ပြန်လည် သုံးသပ်ရန် လိုအပ်သည်။

အကြောင်းမှာ ဤနေရာတွင် ဈေးမရောင်းရ ဆိုသော်လည်း ထိုနေရသည် ညနေဈေး ဖြစ်နေခြင်း၊ ဤလမ်း သည် ကားမရပ်ရလမ်း သတ်မှတ်ထားပါလျက် ညအိပ်ရပ်နားထားသည့် ကားများစွာ တားမြစ်ထားသည့် ဆိုင်းဘုတ် အောက်တွင်ပင် ရှိနေခြင်း၊ လူကူးမျဉ်းကျားမှ ကူးပါဟု ဆိုထားပါလျက် မျဉ်းကျားမှ ကူးမရခြင်း၊ မကူးကြခြင်း စသည့် အခြေအနေများ နိစ္စဒူဝ ကြုံတွေ့ နေရခြင်းကြောင့် ဖြစ်သည်။

တားမြစ်ချက်များသည် အလွယ်တကူ လိုက်နာနိုင်သည့် တားမြစ်ချက်များ ရှိသကဲ့သို့ အလွယ်တကူ မလိုက် နာနိုင်သည့် တားမြစ်ချက်များလည်း ရှိနေသည်၊ အလွယ်တကူ လိုက်နာနိုင်သည့် တားမြစ်ချက် ဖြစ်သော်လည်း လိုက်နာရန် အခြေအနေမပေးသည်များလည်း ကြုံတွေ့ရလေ့ရှိသည်။

ဥပမာ အမှိုက်မပစ်ရ ဟု သတ်မှတ်ထားသော်လည်း အမှိုက် ပစ်နိုင်သည့် အမှိုက်ပုံးများ မရှိခြင်း၊ ရှိသည့် အမှိုက်ပုံးများအတွက် ပြည့်လျှံလန်ထွက်နေခြင်းတို့ ဖြစ်သည်။ အလွယ်တကူ မလိုက်နာနိုင် အခြေအနေမပေးသည့် တားမြစ်ချက်များမှာမူ ဈေးမရောင်းရ သတ်မှတ်ထားသည့်နေရာတွင် ဈေးရောင်းခြင်းဖြစ်နိုင်သည် ဈေးရောင်းသူ၏ အခြေအနေနှင့် စီးပွားရေး နောက်ခံ အချက်အလက်များကို လေ့လာရန်လိုသည် သူ၏ ဘဝ ရပ်တည်ရေးအတွက် မရောင်းမဖြစ်ဆိုမူ အစိုးရအနေနှင့် အရေးတကြီး ဖြေရှင်းရမည့် အခြေအနေဖြစ်သည်။

ကားမရပ်ရလမ်းဟု သတ်မှတ်ထားသော်လည်း လမ်းများပေါ်၊ လူသွားလမ်းပေါ် ရောက်ရှိနေသည့် ကားများအ တွက်မူ အလွန် ရွံရှာဖွယ်ကောင်းသည့် စိတ်ဓာတ်နှင့် လုပ်ဆောင်မှုမျိုးဟု ဆိုရမည်။ ဤသည်ကို သိလျက်၊ ဆိုင်းဘုတ် များ ထောင်ထားလျက် အာဏာပိုင်တို့ မည်သည့်အတွက်ကြောင့် အရေးမယူကြပါသနည်း။

လူကူးမျဉ်းကျားမှ ကူးပါဟု ဆိုသော်လည်း လူကူးမျဉ်းကျားပေါ်တွင် ကွန်ကရစ်တုံးများ ချထားခြင်းသည် ကလည်း ပြည်ပနိုင်ငံသားများ မြင်ပါက အလွန်ဟာသ မြောက်မည့် မြင်ကွင်းဖြစ်လိမ့်မည်။ ဤသည်က အခြေအနေ မပေးခြင်းကြောင့် လိုက်နာရန် ခက်ခဲသည့် တားမြစ်ချက် ဖြစ်သည်။ ထို့အပြင် လူကူးမျဉ်းကျားက ကူးနေပါလျက် အရှိန်လျော့မပေးသည့်ကားများ၊ လူကူးမျဉ်းကျားပေါ်တွင် ရပ်နားကာ လူတင်၊ လူချ လုပ်နေကြသည့် ခရီးသည် တင်ယာဉ်များကိုလည်း တွေ့မြင်နေရပါသည်။

အချုပ်ဆိုရပါမူ လူတိုင်း စည်းကမ်းလိုက်နာမှသာ မြို့တော်နှင့် နိုင်ငံအတွက် အကျိုးရှိလိမ့်မည်။ လူတို့၏ အမူအကျင်များ ပြုကြ ပြင်ကြရန် တိုက်တွန်းသည်။ အာဏာပိုင်တို့ကလည်း မဖြစ်နိုင်သည့် တားမြစ်ချက်များ၊ ညွှန်ကြားချက်များ မချမှတ်ရန်လိုသကဲ့သို့ အဘက်ဘက်မှ စဉ်းစားပြီး ချမှတ်ထားသည့် စည်းကမ်းများ ဖေါက်ဖျက် ပါက ပြင်းပြင်းထန်ထန် အရေးယူသင့်သည်။ သို့မဟုတ်ပါက အသုံးမဝင် အလုပ်မဖြစ်သည့် ဆိုင်းဘုတ်တွေ ဖြုတ်သာ ထားလိုက်ကြပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly