မြန်မာ ယူ၂၃ အသင်း ဂျပန်ကို ၇ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

မြန်မာ ယူ၂၃ အသင်း ဂျပန်ကို ၇ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

ရန်ကုန်၊ မတ်လ ၂၇ ။          ။ AFC U 23 Chanmpionship Qualifiers 2020 Thailand ပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့ ၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိသုဝဏ္ဏဘောလုံးကွင်း၌ မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ဂျပန်အသင်း၏ သွင်းဂိုး ၇  ဂိုးဖြင့် မြန်မာအသင်းမှာ အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သည်။

" ကျွန်တော် ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ ဂျပန်အသင်းက အာရှမှာ နာမည်ကြီးအဆင့်ရှိတဲ့အသင်းတစ်သင်းပါ။ ကမ္ဘာဖလားမှာ ဘရားဇီးတို့အသင်းကြီးမျိုးတွေနဲ့ယှဉ်ကစားနေတဲ့အဆင့်ပါ ။ ကျွန်တော်တို့ အဆင့်နဲ့ တအားကွာပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရာရော၊ နည်းစနစ်ပိုင်းအရာရော၊ အကုန်လုံး မယှဉ်နိုင်ပါဘူး။ ဂိုးရမယ်ဆိုရင်တောင် ၁ ဂိုး ၂ ဂိုး ပေါ့ ။ ဒါပေမယ့် သွင်းဂိုး မရခဲ့ပါဘူး။အဓိက ကတော့ ဘယ်အရာမှ ယှဉ်လို့မရပါဘူး" ဟု မြန်မာလက်ရွေးစင် ယူ ၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ် က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ယှဉ်ပြိုင်ကစားသည့် ပထမပိုင်းစစချင်းတွင် ပွဲကစားချိန် ၆ မိနစ်အရောက်တွင် ဂျပန်အသင်းမှ  ကျောနံပတ် ၁၇ မှ  အဖွင့်ဦးဆောင်ဂိုး စတင်သွင်းနိုင်ခဲ့ပြီး ပွဲကစားချိန် ၈  မိနစ်အရောက်တွင် ကျောနံပါတ် ၁၇ မှ  ဒုတိယဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့သည်။

ပထမပိုင်း ပွဲကစားစဉ်တစ်လျှောက်တွင် ဂျပန်အသင်း၏ ဖိအားပေးမှုအောက်တွင် မြန်မာအသင်းအနေဖြင့် ခက်ခဲခဲကစားခဲ့ရပြီး ဂျပန်အသင်း၏ ကစားကွက် ချိတ်ဆက်မှုအောက်တွင် မြန်မာအသင်းနောက်တန်းမှ ထိန်းချုပ်နိုင်မှု မရှိတာကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ပေးဂိုး ၅ ဂိုး ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

ဒုတိယ ပိုင်းပွဲ စစချင်းတွင် ဂျပန်အသင်းမှ လူအပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

မြန်မာအသင်းအနေဖြင့် ကစားကွက်ချိတ်ဆက်မှုအားနည်းခြင်း၊ ဂျပန်အသင်း၏ အတွေ့အကြုံကစားကွက်ခင်းနိုင်မှုကြောင့် ဂျပန်အသင်း၏ သွင်း ဂိုး၂ ဂိုး ကိုထပ်မံခွင့်ပြုပေးခဲ့ရသည်။

၂၀၂၀ အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၁၆ သင်း ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး ပွဲအိမ်ရှင် ထိုင်းအသင်းမှာ ခြေစစ်ပွဲ အလိုအလျောက် အောင်မြင်ပြီဖြစ်သော်လည်း ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့ကြောင့် ခြေစစ်ပွဲကို ထိုင်းအသင်းအပါအဝင် ၄၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၄ သင်းစီပါဝင်သော အုပ်စု ၁၀ ခုနှင့် ၃ သင်း ပါဝင်သော အုပ်စု ၁ ခုခွဲကာ ကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly