ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး နိုင်ငံတကာကစားသမားအဖြစ် ရာမို့စ်ကို ရွေးချယ်

ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး နိုင်ငံတကာကစားသမားအဖြစ် ရာမို့စ်ကို ရွေးချယ်
Photos: EPA

စပိန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ နောက်ခံလူ ရာမို့စ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ တစ်နှစ်တာအတွင်းအကောင်းဆုံး နိုင်ငံတကာကစားသမားအဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူတစ်ဦးလည်းဖြစ်တဲ့ ရာမို့စ်ဟာ ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး သူ့ရဲ့ နောက်မှာ ဗန်ဒိုက် (နယ်သာလန်)၊ ဆီဗာရိုဗစ် (ဆွစ်ဇာလန်)၊ ပီယာတော့ဗ် (ယူကရိန်း)နဲ့ ဂရီးဇ်မန်း (ပြင်သစ်)တို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။

ကစားတဲ့ နေရာအလိုက် ကွဲပြားတဲ့ အပေါ်မူတည်ပြီး ကစားသမားတစ်ဦးချင်းစီတိုင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်က အရည်အချင်းသတ်မှတ်ချက်တွေအပေါ်မှာ အခြေပြု အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ရာမို့စ်ဟာ ပြစ်ဒဏ်ဘောပေးခြင်းနဲ့ အမှားအယွင်းပြုလုပ်မှုတွေမှာ အနိမ့် အမှတ်မှာရှိသလို ဘောလုံးပေးပို့မှု တိကျမှုနဲ့ တစ်ဦးချင်းကြားဖြတ်လုယူမှုတွေမှာ အောင်မြင်တဲ့ အမြင့်ဆုံးကစားသမားဖြစ်တာကြောင့် တခြားကစားသမားတွေနဲ့ ယှဉ်ပြိုင်လိုက်ရာမှာ ဒါတွေက သူ့ကို အမှတ်ပိုပြီး ရရှိစေတာဖြစ်ပါတယ်။

နော်ဝေနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ အသက် ၃၂ နှစ် နောက်ခံလူဟာ ပေးပို့မှု ၈၇ ကြိမ်ပြုလုပ်ခဲ့ရာမှာ ၈၂ ကြိမ် တိကျအောင်မြင်ခဲ့ပြီး ပြစ်ဒဏ်ဘော ၂ ကြိမ်သာ ပေးခဲ့ရပြီး ၃ ကြိမ် ဘောလုံး ပြန်လည်ဆယ်ယူ (Ball recovery)နိုင်ကာ အဝါကတ် ပြသခံရခြင်း မရှိခဲ့ပါဘူး။

ရာမို့စ်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က ဆန်မာရီနိုအသင်းနဲ့ ကစားတဲ့ပွဲမှာ သွင်းယူခဲ့ပြီး သူဟာ လက်ရွေးစင်အသင်းအတွက် ၁၅ နှစ်ကြာ ကစားခဲ့ရာမှာ သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

ဒါ့ကြောင့် သူဟာ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူဟောင်း ပါဆာရဲလား ၂၂ ဂိုးအပြီးတွင် လက်ရွေးစင်သွင်းဂိုးအများဆုံး နောက်ခံလူဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၆၂ ပွဲကစားထားတဲ့ ရာမို့စ်ဟာ စပိန်အသင်းအတွက် ပွဲအများဆုံးကစားခဲ့တဲ့ ဂိုးသမား ကာဆီးလက်ကို လိုက်မီဖို့ ၅ ပွဲသာ လိုအပ်ပြီး သူဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ ဒီစံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိပါတယ်။

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly