ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ၃ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ၃ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်

ထားဝယ်၊ မတ် ၂၅ ။    ။ တနင်္သာရီတိုင်းအစိုးရဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအဝင် ၄ ဦးကို  မတ် ၂၅ ရက်က ထားဝယ်မြို့ရှိ တိုင်းတရားလွှတ်တော်တွင် လုံခြုံရေးအပြည့်ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်က အမှုအတွက် ရှေ့နေ ငှားရမ်းခွင့်တောင်းဆိုထားသည်။

ယနေ့ မတ် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနှစ်အချိန်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပါအဝင် ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးအောင်သူရအုံတို့ကိုပါ အမှု ၄ မှုခွဲပြီး ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 “ အဲဒီအမှုကို တနင်္သာရီတိုင်းတရားလွှတ်တော်ရဲ့ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၁၉ နဲ့ အမှုဖွင့်လှစ် ဆောင်ရွက် ထားပါတယ်” ဟု တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ၊ သီးခြားပြစ်မှုများအတွက် သီးခြား စွဲချက်များဖြင့် အမှု ၄ မှု ခွဲ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်  မတ်လ ၁၀ ရက်က အမှုဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဒေါ်လဲ့လဲ့မော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် မတ် ၁၁ ရက်က ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ထားသည်။

အဆိုပါအမှု၏ ဒုတိယရုံးချိန်းကို လာမည့် ဧပြီ ၄ ရက်နေ့သို့ တိုင်းလွှတ်တော်မှ ပြန်လည်ချိန်းဆိုထားသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန် ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဖေဖော်ဝါရီ ၄ ရက်နေ့ မှ မတ် ၆ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly