ယခုနှစ်အတွင်း ဝင်းနှင့် ဇော်အတွက် အယူခံအမိန့်ချဖွယ်ရှိ

ယခုနှစ်အတွင်း ဝင်းနှင့် ဇော်အတွက် အယူခံအမိန့်ချဖွယ်ရှိ
Photo-EPA

ရန်ကုန်၊ မတ် ၂၅ ။          ။ လိပ်ကျွန်းတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ အယူခံအမိန့်ကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်မှ ယခုနှစ် (၂၀၁၉) ခုနှစ်အတွင်း ချမှတ်ဖွယ်ရှိနေသည်ဟု ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္စျိမသို့ပြောသည်။

 ဝင်းနှင့်ဇော်တို့အား လူသတ်မှု - သေဒဏ် အမိန့်ချမှတ်ထားသည့်အပေါ် သံသယရှိနိုင်သောအချက်(၆)ချက်ကို အားကိုးပြုကာ ထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးချုပ်သို့ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အယူခံတင်ထား ခဲ့ခြင်းလည်းဖြစ်သည်။

 “ လောလောဆယ်တော့ ဘာမှမသိသေးဘူး။ ရွေးကောက်ပွဲပြီးရင်တော့ သိပ်မကြာဘူးလို့မြင်ပါတယ်။ ရွေးကောက်ပွဲကြောင့် သူတို့အလုပ်ရှုပ်နေကြတယ်။ ဒီလပိုင်း၊ နှစ်ဝက်မပြည့်ခင်တော့ အဖြေပေါ်လိမ့်မယ်ထင်ပါတယ်” ဟု ဦးအောင်မျိုးသန့်ကဆိုသည်။

 အဆိုပါ ဝင်းနှင့် ဇော် တို့ကို တစ်နှစ်ကျော်ကြာ တရားရုံး၏ နောက်ဆုံး အယူခံအမိန့်ကို စောင့်နေစဉ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်၏ ညွှန်ကြားမှုဖြင့် ဘန်ခဝင် အကျဉ်းထောင်သို့ ရှေ့နေများမှ သွားရောက် တွေ့ဆုံခဲ့ကြသေးသည်။

 မြန်မာရွေ့ပြောင်းလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မကျင့်မှုတို့အပါအဝင် အမှု ၇ မှုဖြင့် ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ခုနှစ်  ဒီဇင်ဘာလ ၂၄ရက်တွင်သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါအမိန့်ကို အယူခံတက်သော်လည်း မူလတရားရုံး၏ သေဒဏ်အမိန့်ကိုသာ ဆက်လက် အတည်ပြုခဲ့ သောကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရား ရုံးချုပ်တွင် ၂၀၁၈ ခုနှစ် မတ်လ တတိယအပတ်က နောက်ဆုံး အယူခံကို တင်ခဲ့ခြင်းဖြစ်သည်။

 “ မူလတရားရုံးထဲက ဥပဒေအရပဲတောင်းဆိုလာခဲ့တာပါ။ ဒါကိုလည်းအားလုံးကသိကြားမြင်နေတဲ့အတိုင်းပါပဲ။ သက်သေခံအနေနဲ့ တရားခွင်မှာတင်ခဲ့တာမို့လို့ ကနေ့အတွက်ကတော့ ဥပဒေအရဆိုရင် အပြစ် ကင်းစင် တဲ့သူဖြစ်တယ်ဆိုတာကိုပဲ ထပ်လောင်း ပြောချင်ပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်ကပြောဆိုထားသည်။

 
ထို့အပြင် အသက်သေခဲ့ကြသူ David. နှင့် Hannah တို့တွင် မှန်ကန်သည့် လူသတ်တရားခံကို ဖေါ်ထုတ်ပေး စေရန် အခွင့်အရေးရှိသကဲ့သို့ ပြစ်မှုကျူးလွန်ကြောင်း မျက်မြင်သက်သေလည်းမရှိ၊ ခိုင်လုံသော အထောက် အထားလည်းမရှိကြသော ဝင်းနှင့် ဇော် တို့သည် သေဒဏ်မှ တရားသေလွတ်ရန်သာရှိ ပါသည်ဟုလည်း ၎င်းကပြောဆိုခဲ့သည်။

 
ထို့ကြောင့် (ဝင်းဇော်ထွန်းနှင့် ဇော်လင်း) ဝင်းနှင့် ဇော် တို့နှစ်ဦးသည် တရားရုံးချုပ်မှ ပြန်ကျလာမည့် နောက်ဆုံးအယူခံလွှာ၏ ဆုံးဖြတ်ချက်ကို ဘန်ကောက်ထောင်တွင် အကျဉ်းကျလျက် စောင့်ဆိုင်း နေရဆဲလည်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly