ဝမ်းလျှောပြီးခါစ ကလေးတစ်ယောက် ပြန်အားရှိလာအောင် ဘယ်လိုပြုစုရမလဲ

ဝမ်းလျှောပြီးခါစ ကလေးတစ်ယောက် ပြန်အားရှိလာအောင် ဘယ်လိုပြုစုရမလဲ

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


ဝမ်းလျှောတယ်ဆိုတဲ့ ပြဿနာဟာ ဖြစ်တဲ့ လူတိုင်းကို အားပြတ်သွားစေတတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ လူကြီးတွေကိုတောင် တော်တော်ခံစားရစေတာ နုနယ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် ဆိုးဝါးစွာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။

ဝမ်းလျှော နေတဲ့ အချိန်တွင်းမှာ ကလေးတွေကို ဂရုစိုက်ဖို့ အရေးကြီးသလို လူကြီးတွေထက် ခုခံအားနည်းတဲ့ကလေးတွေမှာ ဝမ်းလျှောပြီးနောက်ပိုင်း ပြုစုရတဲ့ အပိုင်းကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ဒါတွေ အတွက် တာဝန်အရှိဆုံးကတော့ မေမေတို့လို့ ပြောရမှာပဲ ။ ဒီတော့ ဘယ်လိုကျွေး ဘယ်လိုတွေ ပြုစုရမလဲ ။  ။

သန့်ရှင်းကျန်းမာတဲ့ အစားအသောက်တွေ ကျွေးပါ။
ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အစားအသောက် တွေ မသန့်ရှင်းလို့ ဖြစ်ရတာဆိုတော့ ဒီလို ထပ်မဖြစ်အောင် ကလေးကို ကျွေးမယ့် အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ ဝမ်းလျှောပြီးခါစ ကလေးအူက ဒဏ်ဖြစ်ထားတဲ့အတွက်ကြောင့် စပ်တဲ့ အစားအသောက်တွေ၊ ဆီကြော် တွွေ၊ သကြားများတဲ့ အချိုသရေစာတွေ ရှောင်ကျွေးပါ။ နို့များများတိုက်ပါ။

အကျိုးပြု ဘက်တီးရီးယား ပါတဲ့ အစားအသောက်တွေ ကလေးကို များများကျွေးပါ။
အူအတွင်းမှာရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယား တွေ အားကောင်းမှ အပြင်က ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နို်င်မှာပါ။ ခုလို ဝမ်းလျှောပြီးခါစ အခြေအနေမှာ အူထဲက အကျိုးပြု ဘက်တီးရီယားတွေ ရောဂါပိုးနဲ့ စစ်ဖြစ်တာကြောင့် ကုန်သလောက်ဖြစ်သွားလို့ သူတို့ ပြန်များလာဖို့လိုအပ်ပါတယ် ။ဒါကြာင့် အကျိုးပြု ဘက်တီးရီယား ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဒိန်ချဉ်၊ ငှက်ပျောသီး၊ ပန်းသီးအခွံ၊ ပဲ အမျိုးမျိုးနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူတို့ဟာ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်လို့ ဝမ်းလျှောပြီးခါစ ကလေးအတွက် သင့်တော်ပါတယ်။

ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ သွေးတွင်း သတ္တုဓာတ်၊ ဓာတ်ဆား ဓာတ်တွေကို ပြန်ဖြည့်ပါ။
ဝမ်းလျှောတဲ့ အခါ ဝမ်းနဲ့အတူ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ် ဓာတ်တွေဆုံးရှုံးသွားတတ်ပါတယ်။ ကိုယ်တွင်းမှာ ဒီ ရေနဲ့ ဓာတ်ဆားဓာတ်တွေ မရှိရင် ပြဿနာတက်နို်င်တာကြောင့် ဝမ်းလျှောနေစဉ် ဓာတ်ဆားရည်သောက်ဖို့ အရေးကြီးတာပါ။ ဝမ်းလျှောပြီးနောက်ပိုင်းမှာ ဓာတ်ဆားရည် သောက်ဖို့ မလိုအပ်တော့ပေမယ့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးဖို့တော့ လိုပါသေးတယ်။ အုန်းရေသောက်ပါ။ အသင့်သောက် အားဖြည့်အချိုရည်တွေထက်စာရင် သဘာဝအုန်းရည်က ကျန်းမာရေးနဲ့ပိုညီညွတ်ပြီး ဓာတ်ဆားဓာတ်တွေကိုလည်း ပြန်ဖြည့်ပေးနိုင်မှာပါ။ နောက် အရေးအကြီးဆုံး အချက်ကတော့ ကလေးကို ရေများများတိုက်ပါ။ နို့များများတိုက်ပါ။

အိပ်ရေးဝဝသိပ်ပါ။ အနားယူခိုင်းပါ။
ဝမ်းလျှောတဲ့အခါ ကိုယ်ခန္ဓာက အားအင်တွေ ကုန်ခမ်းသွားတတ်တာကြောင့် ပြန်ပြီး အားအင်ပြည့်ဖို့အတွက် ကလေးကို အိပ်ခိုင်းပါ။ တစ်ခုရှိတာက ကလေးနုန်းပြီး တစ်ချိန်လုံးအိပ်နေရင်တော့ စိုးရိမ်ရတဲ့အတွက် ကလေးက နုန်းလို့အိပ်တာလား၊ နိုးနေတဲ့အချိန်တွေ ဆို လန်းရောလန်းလားဆိုတာ ခွဲခြားတတ်ဖို့လည်း  အရေးကြီးပါသေးတယ်။

အပြင်ထွက်ပြီး လမ်းလျှောက်ပါ။
ဝမ်းလျှောနေတဲ့ ကာလတုန်းက အိပ်ရာထဲမှာပဲ အနားယူခိုင်းပြီး မလှုပ်ရှားခဲ့တဲ့ ကိုယ်ခန္ဓာကို  နလန်ထူလာတဲ့အချိ်န်မှာတော့ အတိုးချ လှုပ်ရှားမှု တွေ လုပ်ခိုင်းရပါလိမ့်မယ်။ ကလေးကို ခေါ်ပြီး အပြင်ထွက် လမ်းလေးဘာလေးလျှောက်ပါ။ စိတ်အပြောင်းအလဲလေးဖြစ်ပြီး လန်းဆန်းသွားအောင်လို့ပါ။

ဒါတွေကတော့ ဝမ်းလျှောပြီးခါစ ကလေးတွေ ပြန်ပြီး နလန်ထူလာတဲ့အချိန် မေမေတို့ ဘက်က ပြုစုပေးသင့်တဲ့ အပိုင်းလေးတွေ ပဲဖြစ်ပါတယ်။ ကလေးဆိုတာ နုနယ်ပေမယ့် ပြန်နလန်ထူလာတဲ့ အချိန်က လူကြီးတွေ ထက်မြန်တာကြောင့် မြန်မြန်ကောင်းအောင် ဂရုစိုက်ပေးဖို့က မေမေတို့ အပိုင်းဖြစ်သွားပြီနော် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly