ခေါ်နူးစုမ်တောင်ခရီး နောက်ဆုံးစွန့်စားခန်း

ခေါ်နူးစုမ်တောင်ခရီး နောက်ဆုံးစွန့်စားခန်း
အမှန်တကယ်တော့ ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးက ခေါ်နူးစုမ်တောင်ခရီးဟာ တစ်ညအိပ်ပဲ ကြာခဲ့တာ အမှန်ပါပဲ။
အဲဒီတစ်ညအိပ်ခရီးမှာပဲ ကျနော်တို့ဟာ ပေ (၁၀၂၀၀)မြင့်တဲ့ ခေါ်နူးစုမ်တောင်ထိပ်အထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ တတိယအမြင့်ဆုံးတောင်ကို တက်ရောက်ခဲ့တဲ့သဘောပါပဲ။

ဒီခရီးမှာ ဝန်ခံရမှာရှိတာက ချင်းလူမျိုးစုတွေရဲ့ နေထိုင်မှုဘဝပုံစံတွေ၊ ယဉ်ကျေးမှုတွေကိုတော့ ထိတွေ့ဖို့အချိန် မရခဲ့ပါဘူး။ သူတို့နဲ့အတူနေ အတူစား နေခွင့်မသာနိုင်ခဲ့ပါဘူး။ ဒါကတော့ အချိန်ယူပြီးမှ နေထိုင်ထိတွေ့ဖို့လိုအပ်တာမို့ တစ်ညအိပ်ခရီးတစ်ခုအတွက် မဖြစ်နိုင်ခဲ့ပါဘူး။ ပြီးတော့ ကျနော်တို့ရဲ့ရည်ရွယ်ချက်ကလည်း ခေါ်နူးစုမ်တောင်ကို အချိန်နည်းနည်းနဲ့ရောက်အောင်တက်မယ်၊ သဘာဝအခင်းအကျင်းတွေကိုခံစားမယ်၊ အားလပ်ရက်မှာ စိတ်အပမ်းဖြေမယ်ဆိုတဲ့ရည်ရွယ်ချက်ကပဲ အဓိကဖြစ်ပါတယ်။

ဒီခရီးမှာ ခရီးသွားဟန်လွဲထည့်ပြောမိတာကတော့ ချင်းပြည် ကန်ပက်လက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်းပါပဲ။ ကျနော်တို့ သွားခဲ့တဲ့ ခရီးအပေါ်မူတည်ပြီးပြောရရင် ချင်းပြည်တောင်ပိုင်း နိုင်ငံတကာခရီးသွားလုပ်ငန်းမပြောနဲ့ ပြည်တွင်းခရီးသည်တွေကိုတောင်မှ အောင်မြင်အောင် မဆွဲဆောင်နိုင်သေးပါဘူး။ အထူးသဖြင့် လာရောက်လည်ပတ်ကြမယ့် ပြည်တွင်းပြည်ပခရီးသည်တွေအတွက် မဖြစ်မနေ ပြင်ဆင်ဆောင်ရွက်ပေးကိုပေးရမယ့်အချက်အလက်တွေလည်း မရှိသလောက်ဖြစ်နေတာဟာ တာဝန်ရှိသူတွေအတွက် ဒါတွေကိုမသိလို့ပဲလား၊ ဒါမှမဟုတ် ပျက်ကွက်နေတာများလားဆိုတာ ကျနော်တို့မသိပါဘူး။
ကျနော်တို့ဟာ ချင်းပြည်တောင်ပိုင်း ခေါ်နူးဇုမ်တောင်ခရီးကို လူပြောသူပြောသတင်းအချက်အလက်တွေ၊ အင်တာနက်အွန်လိုင်းပေါ်က တိကျခိုင်မာခြင်းမရှိတဲ့သတင်းအချက်အလက်တွေနဲ့ ခေါ်နူးဇုမ်တောင်အနီးရောက်ကာမှပဲ ဒေသခံလူတချို့ကို မေးမြန်းလို့ရတဲ့ အချက်အလက်တွေကိုပဲ မှီခိုအားထားပြီး သွားရောက်ခဲ့တာဖြစ်ပါတယ်။

(ဒီနေရာမှာ ဒီဆောင်းပါးနဲ့အတူတွဲပြီး တင်ပေးလိုက်တဲ့ ဓါတ်ပုံတချို့ကတော့ ပြီးခဲ့တဲ့တစ်နှစ်ကျော်က ကန်ပက်လက်မြို့ကို စာရေးသူ ခေတ္တအလည်ရောက်ရှိစဉ် ရိုက်ယူထားခဲ့တဲ့ပုံတချို့ဖြစ်ပါတယ်။)
ခေါ်နူးစုမ်တောင်ဟာ နာမည်ကျော် လှပတဲ့တောင်ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ အင်မတန် လှပဆန်းပြားလှတဲ့ တောင်ဇလပ်ပန်းတွေ တတောတတောင်လုံး ပွင့်တဲ့ တောင်ပါ။ ကျနော့်အထင် တောင်ဇလပန်းရဲ့အသွင်အပြင်ဟာ သစ်ခွပန်းမျိုးစိတ်တစ်ခုခုများဖြစ်နို်င်မလား မသိပါဘူး။ အပွင့်အရွက်တွေက အချိန်အကြာကြီး မကြွေမပျက်ဘဲ ခံနိုင်ရည်ရှိပါတယ်။ ( ဒီနေရာမှာ ခူးပြီးအချိန်ကာလအားဖြင့် နှစ်လနီးပါးကြာတဲ့အထိ မကြွေမပျက် ပန်းချောက်အဖြစ်ရှိနေသေးတဲ့ တောင်ဇလပ်ပန်းပုံကိုလည်းတင်ပေးလိုက်ပါတယ်။

ခေါ်နူးစုမ်တောင်မှာ တောရိုင်းတိရိစ္ဆာန်တွေလည်း ရှိနေပျော်နေပါသေးတယ်။ တောမှိ တောပျော် ကမ္ဘာ့ရှားပါးငှက်တွေလည်း ရှိနေသေးတယ်လို့ သိခဲ့ရပါတယ်။ ထူးခြားချက်က ဒီတောင်မှာပွင့်တဲ့ပန်းတွေက တခြားဒေသမှာပွင့်တဲ့ပန်းတွေနဲ့ အမျိုးအစားချင်းတူသည့်တိုင် အရောင်အဆင်းနဲ့ ကြာကြာခံမှုအပိုင်းမှာ သူတို့က ပိုပြီးလှ ပိုပြီးကြံ့ခိုင်ပုံရပါတယ်။ ပြီးတော့ ကျနော်တို့တွေ့ခဲ့ရတဲ့တောင်ဇလပ်ပန်းတွေက ပေ (၈၀၀၀)အထက် ပေ (၁၀၀၀၀) ကြားမှာပွင့်တဲ့ တောင်ဇလပ်ပန်းတွေကို ထူးထူးခြားခြားပိုလှကြတယ်လို့ ယူဆရပါတယ်။ ဥပမာ ခေါ်နူးဇုမ်တောင်ပေါ်ကပြန်ဆင်းပြီး ညအိပ်ဖို့တည်းခိုခဲ့တဲ့ ဟော်တယ်ဟာ ပေ (၈၀၀၀)အမြင့် မရောက်ခင်တောင််စောင်းမှာ ရှိတာပါ။ အဲဒီ ဟောတယ်ဝင်းထဲမှာ တောင်ဇလပ်ပန်းပင် တစ်ပင်ရှိပါတယ်။ အဲဒီအပင်ကပွင့်တဲ့ တောင်ဇလပ်ပန်းတွေရဲ့ ပွင့်ဖတ်နဲ့အရောင်က ပေ (၈၀၀၀)နဲ့ ပေ(၁၀၀၀၀)ကြား ကျနော်တို့ အသေအချာမြင်တွေ့ခဲ့ရတဲ့ တောင်ဇလပ်ပန်းတွေလောက် အရောင်မရင့်မလှတာရယ် ပွင့်ဖတ်ပိုပါးတာရယ်က သိသာလွန်းပါတယ်။

စိတ်ချမ်းသာဖို့ကောင်းတာတစ်ခုရှိပါတယ်။ ခေါ်နူးစုမ်တောင် တောင်ခြေ ဆယ်မိုင်စခန်း(မော်တော်ဆိုင်ကယ်ကယ်ရီများရှိရာနေရာ)အထိတော့ ကားလမ်းကောင်းတာတွေ့ခဲ့ရပါတယ်။ ကားလမ်းအနည်းငယ်ကျဉ်းပေမယ့် တနွေလုံးတော့ ဘယ်ကားမဆိုတက်ရောက်မောင်းနှင်လို့ ရနိုင်ပါတယ်။ သည့်ထက် လမ်းကျယ်အောင်နဲ့ သည့်ထက်ကောင်းမွန်အောင်ပြုပြင်လိုက်ရင် ခရီးသည်တွေအတွက် လုံခြုံစိတ်ချရတဲ့လမ်းဖြစ်လာမှာပါ။
ခေါ်နူးစုမ်တောင်ပေါ်ပြန်ဆင်းလာပြီး တစ်ညအိပ်တည်းခိုဖို့ တည်းခိုစရာနေရာရှာဖို့ တည်းခိုခန်းနဲ့ ဟော်တစ်ခုရှေ့မှာ မမျှော်လင့်ဘဲ ကားဘရိတ်ပေါက်သလို ကြုံရပါသေးတယ်။ ကံအားလျော်စွာ ကားဘရိတ်ပေါက်သလိုဖြစ်တဲ့နေရာက တနေရာတည်း အနည်းငယ်ပြေတဲ့နေရာဖြစ်ပြီး ရှေ့နဲ့နောက် ကိုက် (၃၀)ဝန်းကျင်အကွာတွေမှာတော့ ဘေးနှစ်ဖက် ချောက်တွေချည်းပါပဲ။

ကျနော်တို့တည်းခိုဖို့သင့်တော်တယ်လို့ယူဆရတဲ့ဟောတယ်နှစ် တစ်ခုနဲ့တစ်ခု မျက်စောင်းထိုးဖြစ်နေတဲ့နေရာကြားမှာ အနည်းငယ်ပြေတဲ့လမ်း ရှိပါတယ်။ အဲဒီနေရာမှာ ကိုသက်မှူးက ဟော်တယ်တွေကိုကြည့်ရင်း ကားကို အသာအယာပဲမောင်းလာရင်းက ကျနော်တိုကို သတိပေးစကား ပြောလိုက်ပါတယ်။

“ကဲ ရဲဘော်တို့ ကိုင်စရာရှိတာသာ သေသေချာချာကိုင်ထားကြပေတော့ ကားကတော့ လုံးဝဖမ်းလို့မမိတော့ဘူး”

ကျနော်တို့အားလုံး ပြာယာခတ်သွားကြပါတယ်။ အစတော့ ကိုသက်မှူးက စလိုက်ပြောင်လိုက်တာလို့ပဲ ယူဆလိုက်ပါသေးတယ်။ အခြေအနေအမှန်ကို ချက်ချင်းဆိုသလိုပဲ ကျနော်တို့သဘောပေါက်သွားရပါတယ်။
ကားရှေ့ခန်း ကိုသက်မှူးဘေးမှာထိုင်တဲ့ ကိုအောင်သူငြိမ်းက ထိုင်ခုံဘေးက သားရေခါးပါတ်ကို အဲဒီအခါကြမှ ကမန်းကတန်းပတ်ပါတယ်။ ကားနောက်ခန်းမှာထိုင်ကြတဲ့ ကျနော်နဲ့ကိုမင်းဌေးက ဘာလုပ်ရမှန်းမသိအောင် လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ ကိုသက်မှူးဘက်အခြမ်းမှာက တောင်ကမ်းပါးနံရံရှိပါတယ်။ ကျနော့်ဘက်အခြမ်းမှာ ၀ါးတရိုက်လောက်မြေသားနဲ့ ခြုံပုတ်တွေရှိပါတယ်။ ကျနော်က ချောက်ကမ်းပါးနားရောက်မသွားခင် ကားတံခါးဖွင့် ခုန်ချရရင်ကောင်းမလားစဉ်းစားပြန်တော့ ကားက ခုန်ချလို့ရလောက်အောင် အရှိန်ကမပြေသေးပါဘူး။ ဒါပေမယ့် ကံအားအားလျော်စွာပဲ ကားက ညာဘက်တောင်ကမူတစ်ခုဘေးကပ်ပြီး အရှိန်သပ် ရပ်လိုက်နိုင်ပါတယ်။ အဲဒီအခါကြမှပဲ ကျနော်တို့အားလုံး အသက်မှန်မှန်ရှူနိုင်ပါတော့တယ်။

ကိုသက်မှူးက ကားကိုအမျိုးမျိုး စမ်းသပ်ပြီး မောင်းကြည့်ပါတယ်။ တည်းခိုဖို့ရွေးထားတဲ့ ပန်းလေပြေဟိုတယ်ရှေ့ကွက်လပ်မှာ သူ့ကားလေးကို ရှေ့တိုးနောက်ငင် လုပ်ပါတယ်။ ကံအားလျော်စွာပဲ ကားဘရိတ်က အနည်းနယ်ပြန်ကောင်းလာပါတယ်။ ညအိပ်တည်းခိုပြီး နောက်တနေ့ကြတော့ လုံးဝ ဘရိတ်ဖမ်းလို့မမိအောင်ဖြစ်ခဲ့တဲ့ ကားက သူ့အလိုလို ဘရိတ်ပြန်ကောင်းလာပါတယ်။ ကိုသက်မှူးက ဘရိတ်ကို အကြိမ်ကြိမ်စမ်းသပ်ပြီး မောင်းပါတယ်။ မနေ့ညနေတုန်းက အသေအချာ ပျက်သွားတဲ့ဘရိတ်က တကယ်ကိုပဲ ပြန်ကောင်းလာပါတယ်။ ဒါပေမယ့်လည်း အပြန်လမ်းမှာ ကိုသက်မှူးက သတိကြီးစွာထား ဂီယာကြီးအားပြုပြန်မောင်းရပါတယ်။ တခါ ကန်ပက်လက်မှာ တနင်္ဂနွေနေနဲ့တိုးပြီး တစ်ခုတလေ ကားဝပ်ရှော့က ပိတ်နေလို့ ဒီအတိုင်းအရဲစွန့်ပြီး ဆောမြို့ရောက်တဲ့အခါကြမှ ကားဝပ်ရှော့မှာ အသေအချာပြင်ဆင်ခဲ့ကြရပါတယ်။

အခုဆိုရင် ကျနော်တို့ရဲ့ ခေါ်နူးစုမ်တောင်တက်ခရီးဟာ အောင်မြင်စွာ နိဂုံးချုပ်နိုင်ခဲ့ပါတယ်။ စာဖတ်သူများလည်း အားလပ်ချိန် ရှိခဲ့ရင် ခရီးထွက်စေချင်ပါတယ်။ အထူးသဖြင့် ခေါ်နူးစုမ်တောင် သွားစေချင်ပါတယ်။
သေချာတာကတော့ ကျနော်တို့တိုင်းပြည် သည့်ထက်ငြိမ်းချမ်းနေအုန်းမယ်ဆိုရင်တော့ ခေါ်နူးစုမ်တောင်ဆီ ခရီးသည်တွေ သည့်ထက် တဖွဲဖွဲနဲ့ ရောက်လာကြမှာကတော့ အသေအချာပါပဲခင်ဗျား။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly