သင်္ကြန်ကာလ ကားလက်မှတ်များ စျေးတင်ရောင်းပါက စားသုံးသူရေးရာသို့ တိုင်ကြားနိုင်

သင်္ကြန်ကာလ ကားလက်မှတ်များ စျေးတင်ရောင်းပါက စားသုံးသူရေးရာသို့ တိုင်ကြားနိုင်

မတ် ၂၅ ။                 ။ သင်္ကြန်ကာလအတွင်း ကားလက်မှတ်ခများကို စျေးတင်ရောင်းချပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်၍ တိုင်ကြားနိုင်ပြီး မကြာသေးခင်ကမှ အတည်ပြု ပြဋ္ဌာန်းလိုက်သော စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးယူသွားမည်ဟု သိရသည်။

သင်္ကြန်ကာလပိတ်ရက်များတွင် အများစုသည် မိဘနေရပ်သို့ ပြန်ခြင်း၊ ဘုရားဖူးသွားလာခြင်း၊ ခရီးသွား လာခြင်းများပြုလုပ်ကြရာတွင် ကားလက်မှတ်များ စျေးတင်ရောင်းချမှုများဖြင့် ကြုံတွေ့နေရမှုအပေါ် ယင်းသို့တိုင်ကြားရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စားသုံးသူရေးရာဌာန၊( Department of Consumer Affairs) ဖုန်း ၀၆၇- ၃၄၃၀၂၀၇၊ ၀၆၇-၃၄၃၀၄၅၉တို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး ဖေ့ဘွတ်မှ ဖြစ်စေ၊www.doca.gov.mm ၊  Doca App ၊ [email protected] ကနေဖြစ်စေ တိုင်ကြားနိုင်သည်။

လက်မှတ်စျေးများ ပုံမှန်စျေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် စားသုံးသူရေးရာဦးစီးဌာနမှ မတ်လ ၂၄ ရက်က ထုတ်ပြန်တိုက်တွန်းထားသည်။

သင်္ကြန်ကာလအတွင်း ခရီးသွားလာသူများ ကားလက်မှတ်ဝယ်ယူ၍ မရခြင်း၊ လက်မှတ်ခစျေးနှုန်းများ ပိုမိုပေးဆောင်ရခြင်းများ မရှိစေရန် ရန်ကုန်တိုင်းဒေသကြီးရှိ အဝေးပြေးဂိတ်များတွင် တိုင်းအစိုးရမှ အသိပေး ထားပြီး သင်္ကြန်ကာလတွင် လက်မှတ်ခပို၍ ရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဟု ကြေညာထား သည်။

၂၀၁၈ ခုနှစ်သင်္ကြန်ကာလရုံးပိတ်ရက်များတွင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသည့်ကိစ္စများတွင် ယာဉ်စီးနင်းခအား သတ်မှတ်နှုန်းများထက် ပိုမိုတောင်းခံခြင်း၊ မူလဝယ်ယူထားသော ခုံနံပါတ်နှင့်ယာဉ် စီးနင်း ရာတွင် လွဲမှားနေခြင်း၊ ခရီးသည်များအား သတ်မှတ်နေရာသို့ ရောက်ရှိအောင် ပို့ဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်အား အချိန်နှင့်တပြေးညီထွက်ခွာမှုမရှိခြင်း၊ လက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့်နေ့ရက်တွင် အမှန်တကယ်ဝယ်ယူရရှိမှု မရှိခြင်းစသည့် တိုင်ကြားမှုများကို အများဆုံးလက်ခံဖြေရှင်းခဲ့သည်ဟု ယင်းဌာနမှ သိရသည်။

ကားလက်မှတ်အပြင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ ပိုင်ဆိုင်မှု တစ်ရပ်ရပ်ကိုဖြစ်စေ ဥပဒေနှင့်မညီသော ထိခိုက်မှုဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည်။

စားသုံးသူကာကွယ်ရေးဥပဒေ (၉/၂၀၁၉)ကို မတ်လ ၁၅ ရက်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးကာ  ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထုတ်ပြန်ခဲ့သည်။  

စားသုံးသူကာကွယ်ရေးဥပဒေတွင် မည်သူမဆို ပုဒ်မ ၆၂ ပါ တားမြစ်ချက် ကျူးလွန်ပါက ၆ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး ပုဒ်မပေါ်မူတည်ကာ  ထောင်ဒဏ် ၁ နှစ် ၊ ကျပ်သိန်း ၅၀၊ ၁၀၀ ၊ ထောင်ဒဏ် ၂ နှစ်နှင့် ကျပ် သိန်း ၂၀၀ ကျခံစေမည့် ပြစ်ဒဏ်များ ပါရှိသည်။
   
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly