အမြန်ချောပို့ ပါဆယ်ထုတ်အား စစ်ဆေးရာမှ အိုက်စ် ၁၇၅၀ ဂရမ် တွေ့ရှိ

အမြန်ချောပို့ ပါဆယ်ထုတ်အား စစ်ဆေးရာမှ အိုက်စ် ၁၇၅၀ ဂရမ် တွေ့ရှိ
(ဓာတ်ပုံ-ရဲဇာနည်)

မတ် ၂၄ ရက် ။       ။ အမြန်ချောပို့ ပါဆယ်ပို့ပစ္စည်းပို့လုပ်ငန်းသို့ လာရောက်အပ်နှံသည် စက္ကူကတ်ထူပုံးအား ဖွင့်ဖောက်စစ်ဆေးရာမှ ခဲစက္ကူဖြင့် ပတ်ထားသော အိုက်စ် ၁၇၅၀ ဂရမ်ကို တွေ့ရှိသိမ်းဆည်းခဲ့ရသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ဟေမမာလ (တောင်) ရပ်ကွက် ၊ ဟိုတယ်မန္တလေးတွင် ဖွင့်လှစ်ထား သည့် DHL အမြန်ချောပို့ (ပြည်ပသီးသန့်ဌာန) သို့ လာရောက်အပ်နှံသည့် ပါဆယ်ထုတ်မှ မတ်လ ၂၃ ရက်နေ့ နံနက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စီစီတီဗွီမှတ်တမ်းများအရ ပစ္စည်းလာပို့သူ၏ ယာဉ်ကို တွေ့ရှိခဲ့ပြီး ဆက်လက် စုံစမ်းခဲ့ရာ ယာဉ်ပိုင်ရှင်ဖြစ်သူ အောင်မြေသာစံမြို့နယ်မြို့နယ် မေဃသီရီရပ်ကွက်တွင်နေထိုင်သူ မယုံယုံနှင့် ကွမ်းလုံမြို့နယ်၊ နမ့်ကျွန်ကျေးရွာနေ  ကျွမ်းစင်တို့ နှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကနဦးစစ်ဆေးချက်အရ ကွမ်းလုံမြို့နယ်နေ ကျန်ဟုန်(ခ)ကျန်ဖဟုန်၏ ဆက်သွယ်ပေးမှုဖြင့် အမည် မသိလူ(၁)ဦးက မူးယစ်ဆေးဝါးထုတ်အား ဟိုတယ်မန္တလေးရှိ အမြန်ချောပို့ရုံးသို့ တရုတ်ယွမ်ငွေ (၁,၀၀၀)ဖြင့် ပို့ဆောင်ခိုင်းခဲ့၍ သွားရောက်ပို့ဆောင်ခဲ့ရခြင်းဟု ထွက်ဆိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကျန်ဟုန်(ခ) ကျန်ဖဟုန်မှာ ကွမ်းလုံမြို့သို့ ပြန်သွားခဲ့သည် ဆက်လက် စုံစမ်းသိရှိရမှုကြောင့် ဆက်သွယ် ဖော်ထုတ်ခဲ့ရာ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ကျွမ်းစင်၊ မယုံယုံနှင့် ကျန်ဟုန်(ခ)ကျန်ဖဟုန် တို့ (၃)ဦးအား မဟာအောင်မြေ မြို့မရဲစခန်း၏ မယ(ပ)၁၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly