အကယ်ဒမီဆုစာရင်း ကြိုတင်ပေါက်ကြားခဲ့မှုအတွက် အရေးယူဆောင်ရွက်မည်

အကယ်ဒမီဆုစာရင်း ကြိုတင်ပေါက်ကြားခဲ့မှုအတွက် အရေးယူဆောင်ရွက်မည်

မတ် ၂၄ ၊ ရန်ကုန် ။      ။ ၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီဆုစာရင်းမှာ အခမ်းအနားမတိုင်မီကတည်းက ကြိုတင်ထွက်ပေါ်ခဲ့သည့်အတွက် ၎င်းကိစ္စကို အဖြေရှာ၍ အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မဇ္ဈိမသို့ မတ်လ ၂၄ ရက်နေ့တွင် အတည်ပြုဖြေကြားသည်။

“ဘယ်လိုပြောရမလဲဆိုတော့ မပေါက်ကြားသင့်တဲ့ ကိစ္စပေါ့နော်။ သို့သော် တော်သေးတယ်ပေါ့နော်။ သုံးလေးငါးရက် ကြိုပေါက်တာမျိုး မဟုတ်ဘဲ နီးမှပေါက်လို့။ ကျွန်တော်စဉ်းစားနေတာ စောစောစီးစီးထဲက တင်ရင် တင်နိုင်တယ်ပေါ့နော်။ မတင်လို့ အကြို ခန့်မှန်းချက်တွေတောင် ထွက်လာတာပေါ့နော်။ အဲ့တော့ ဘယ်နေရာကနေ ပေါက်ကြားသွားလဲဆိုတာ ကျွန်တော်တို့ စိစစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အကယ်ဒမီဆုများ မကြေညာမီ ညရ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အင်တာနက် လူမှုကွန်ယက်စာမျက်နှာပေါ်၌ လက်ရေးနှင့် ရေးသားထားသောဆု အကယ်ဒမီ ၁၁ ဆု စာရင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီပေးပွဲ ဆုကြေညာပြီးချိန်တွင် ပေါက်ကြားနေသော ထိုလက်ရေးမူပါ ဆုစာရင်းနှင့် တူညီနေခဲ့သည်။

ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆု၊ ဇာတ်ညွှန်း၊ နောက်ခံတေးဂီတ၊ တည်းဖြတ်၊ အသံ၊ ဇာတ်ပို့ဆု (ကျား/မ) နှင့် ဇာတ်ဆောင်ဆု (ကျား/မ) စာရင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ရလဒ်များမကြေညာမီ အကယ်ဒမီဆုစာရင်းများ အတိအကျကြိုတင်ထွက်ပေါ်ခဲ့ခြင်းသည် ယခင်နှစ်များတွင် မရှိခဲ့ဖူးဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။ ယခုနှစ်တွင်လည်း လုံခြုံရေးစည်းကို တင်းကျပ်စွာ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အမှန်မှာတော့ ကျွန်တော်တို့ကတော့ လုံခြုံရေးစည်းကိုတော့ တင်းကျပ်စွာလုပ်ထားတာပဲ။ ကျွန်တော်တို့ရဲ့ အစီအစဉ်အရ ပြောရမယ်ဆိုရင်တော့ မဲပေးတဲ့ တစ်ဦးချင်းစီကို သူတို့ဘာသာမဲပေးပြီး စာအိတ်ထဲမှာထည့်ပြီးမှ ပေးပို့တာမျိုးဖြစ်ပါတယ်။ ပြီးမှ ရွေးချယ်ထားတဲ့ နာယကကြီးများက ဖွင့်ဖောက်ပြီး အမှတ်များကို ပေါင်းကာ ဆုရရှိသူတွေရဲ့ နာမည်စာရင်းကို စာအိတ်ထဲထည့်ထားပြီး နောက်ဆုံးအချိန်ကျမှ ထုတ်ပေးတာပါ” ဟု ဦးဇင်ဝိုင်းက မဇ္ဈိမသို့ ပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏရှိ The One Entertainment Park တွင် ပြုလုပ်ခဲ့ပြီး ရုပ်ရှင်တစ်သက်တာဆု တစ်ဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၁၂ဆု ချီးမြှင့်ခဲ့သည်။

အကယ်ဒမီဆုများအဖြစ် အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံ(မှော်ဝင်သမန်းကျား)၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဖွေးဖွေး(ရွှေကြာ)၊ အမျိုးသမီးဇာတ်ပို့ဆုကို အေးမြတ်သူ(နောင်တွင်ဥဒါန်းတွင်စေသတည်း)၊ အမျိုးသား ဇာတ်ပို့ဆုကို ကျော်ကျော်ဗိုလ်(မုန်းစွဲ)၊ အကောင်းဆုံး ဒါရိုက်တာဆုကို သြရသ(မုန်းစွဲ)၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆုကို ဒါရိုက်တာဝိုင်း(ရွှေကြာ)၊ နောက်ခံတေးဂီတဆုကို ရှလုံးအမ်ရောနမ်(မျက်နှာပြင်များ)၊ အကောင်းဆုံးရုပ်ရှင်ကားဆုကို ငွေသော်တာရုပ်ရှင်ထုတ်ရေး (ရွှေကြာ)၊ ဓာတ်ပုံဆုကို ဝင်းလွင်ထက်(မုန်းစွဲ)၊ ရုပ်ရှင်တည်းဖြတ်ဆုကို ကျော်ခိုင်စိုး(ရွှေကြာ)၊ အသံဆုကို ကိုအေး(မုန်းစွဲ)၊ တစ်သက်တာဆုကို အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်တို့က အသီးသီးရရှိခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly