အစိုးရ ဖွဲ့နိုင်လို့ NLD ကိုယ်စားလှယ်တွေ ချက်ချင်း ချမ်းသာလာရင် အဲ့ဒီလူတွေ ဒုက္ခရောက်မယ်လို့ ဒေါ်စုပြော

အစိုးရ ဖွဲ့နိုင်လို့ NLD ကိုယ်စားလှယ်တွေ ချက်ချင်း ချမ်းသာလာရင် အဲ့ဒီလူတွေ ဒုက္ခရောက်မယ်လို့ ဒေါ်စုပြော

မိုးညှင်း၊ အောက်တိုဘာ ၃ ။ ။ အဂတိကင်းစင်သည့် အစိုးရတစ်ရပ်ထူထောင်မည်ဟု သဓ္ဓိဌာန်ချထားပြီးဖြစ်သည့်တွက် ရွေးကောက်ပွဲအနိုင်ရပြီးနောက် နေ့ချင်း၊ ညချင်းချမ်းသာလာပါက ဒုက္ခရောက်သူများအဖြစ် သတ်မှတ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်အမတ်လောင်းများကို သတိပေးလိုက်သည်။

“ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေဟာ အစိုးရဖြစ်လာမှ ချမ်းသာလာမယ်၊ အိမ်တစ်လုံးကနေ နေ့ချင်းညချင်း အိမ်ဆယ်လုံးဖြစ်လာမယ် ဆိုရင်တော့ ဒုက္ခရောက်မယ့်သူတွေပဲဆိုတာ သတ်မှတ်လို့ရပါတယ်” ဟု အောက်တိုဘာ ၃ရက်က ကချင်ပြည်နယ်စည်းရုံးရေး ခရီးစဉ်ဖြစ်သော နမ္မတီးမြို့ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေက ဆင်းရဲနေပြီးတော့ ကျွန်မတို့အဖွဲ့ချုပ်က ချမ်းသာနေလို့ရှိရင် ကျွန်မတို့ဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ အဖွဲ့တစ်ခု ဖြစ်သွားပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ခေါင်းဆောင်ဟူသည်မှာ ခံစရာရှိတာကို ကိုယ်တိုင်ခံပြီး စံစရာရှိပါက ပြည်သူစံ ဆိုသည့် ခံယူချက်ရှိရမည်ဟုလည်း ခေါင်းဆောင်ကောင်း၏ နမူနာနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

NLDပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများသည့် အမတ်လောင်းအဖြစ် စိစစ်စဉ်ကတည်းက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပါတီက တောင်းခံထားပြီး ဖြစ်သည်။ “ကျွန်မတို့ ကိုယ်စားလှယ်တွေ နေ့ချင်း၊ ညချင်း ချမ်းသာလာရင် အသီးသီး ခံရမှာပဲ။ ဘယ်လိုလုပ် ဒီလောက်တောင်မှ ကိုယ်စားလှယ်ဖြစ်လာမှ ချမ်းသာလာသလဲဆိုတာ ကျွန်မတို့က စိစစ်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော် ၎င်းပါတီ၏ အမတ်လောင်းများမှာ အခြားပါတီဝင်အမတ်လောင်းများ၊ တသီးပုဂ္ဂလအမတ်လောင်းများနှင့် ယှဉ်နိုင်သည့် အရည်အချင်းများစွာရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က နမ္မတီးဒေသခံများကို ပြောဆိုသွားသေးသည်။

အောက်တိုဘာ ၃ရက် နံနက်ပိုင်းကတည်းက မြစ်ကြီးနားမြို့နှင့် မိုင်တစ်ရာတိတိဝေးသော မိုးညှင်းမြို့သို့ ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် လမ်းခုလတ်ရှိ နမ္မတီး၊ မိုးကောင်းနှင့် ဟိုပင်မြို့တို့တွင် ဒေသခံများအား ဟောပြောခဲ့သည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် ည ၆နာရီ၊ ၃၅မိနစ်တွင် မိုးညှင်းမြို့သို့ရောက်ရှိလာကာ မိုးညှင်းဟိုတယ်တွင် တည်းခိုနေပြီး အောက်တိုဘာ ၄ရက် နံနက်(၈)နာရီတွင်မူ မိုးညှင်းမြို့ရှိ လျောင်းတော်မူဘုရား(ဒေသအခေါ် =ပြဇာတ်ရုံ)အနီးတွင် လူထုဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly