ခေါ်နူးဇုမ်အိပ်မက်တချို့ စွန့်လွှတ်ရခြင်း

ခေါ်နူးဇုမ်အိပ်မက်တချို့ စွန့်လွှတ်ရခြင်း

ချင်းပြည်နယ် ခေါ်နူးဇုမ်တောင်နဲ့ပတ်သက်ပြီး ကျနော့်မှာ အိပ်မက်တွေရှိပါတယ်။ အရိုးစင်းဆုံးနဲ့ အခြေခံကျတဲ့အိပ်မက်က ခေါ်နူးဇုမ်တောင်တဝိုက် ရာသီသုံးမျိုးစလုံး ဓါတ်ပုံရိုက်ချင်တာရယ်၊ တောင်ထိပ်မှာ ညအိပ်ပြီး နေဝင်နေထွက်ဆည်းဆာတွေကို စောင့်ကြည့်ပြီး ဓါတ်ပုံရိုက်ချင်တဲ့ အိပ်မက်ပါပဲ။ ဒါပေမယ့် ကံဆိုးစွာပဲ အဲဒီအိပ်မက်တွေတစ်ခုမှ မရခဲ့ပါဘူး။

ခေါ်နူးဇုမ်တောင်တဝိုက် ဓါတ်ပုံရိုက်ဖို့ဆိုတာက အဲဒီဒေသမှာ လူနေအိမ် လုံးဝမရှိတဲ့အချက်က အဓိကအခက်အခဲပါပဲ။ တောင်ထိပ်ကို ခြေလျင်စတက်ရတဲ့ ဆိုင်ကယ်များ ရပ်နားရတဲ့နေရာတဝို်က်မှာ လူနေအိမ် လုံးဝမရှိပါဘူး။ နှစ်စဉ် ရေခဲအောင် အေးတဲ့နေရာဖြစ်တာရယ်၊ ရေလုံးဝ မရှိတာရယ်နဲ့ အမြဲတန်းနေထိုင်လို့ မဖြစ်နိုင်တာရယ်ကြောင့် အဲဒီနေရာတဝိုက် အချိန်ယူပြီးမှဓါတ်ပုံရိုက်ရမယ့်ကိစ္စ စွန့်လွှတ်ခဲ့ရပါတယ်။

နောက်တစ်ခုက တောင်ထိပ်မှာ လုံးဝအိ်ပ်လို့မရ၊ အိပ်လည်းမအိပ်သင့်ဘူးလို့ ယူဆရတဲ့အတွက် မအိပ်ခဲ့ရလို့ တောင်ထိပ်ကတဆင့်မြင်ရမယ့် နေဝင်နေထွက်ဆည်းဆာတွေကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ တောင်ထိပ်ကို ကျနော်တို့ရောက်သွားတဲ့အချိန်က လေကလည်းတိုက်၊ မခံမရပ်နိုင်အောင်ကလည်း အေး၊ တည်းခိုစရာမရှိလို့ သစ်ပင်တွေကြား ယာယီတည်းထိုးအိ်ပ်ဖို့ကြပြန်တော့ လေကွယ်စရာခြုံပုတ်လောက်ပဲရှိပြန်၊ ရေကလည်းမရှိ၊ မမျှော်လင့်တဲ့အခက်အခဲကြုံလို့ အကူအညီတောင်းစရာ အနီးအနားတဝိုက် ဒေသခံလူကလည်းမရှိပြန်ဆိုတော့ တောင်ထိပ်မှာညအိပ်ဖို့ကိုလည်း လက်လျှော့ခဲ့ကြရပါတယ်။

သေချာတဲ့အချက်ကတော့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖေါ်ဖို့ဆိုရင်၊ ကျနော်တို့ဟာ အတိုင်းအတာတစ်ခုအထိ အချိန်ယူရပါမယ်။ အစုအဖွဲ့ကလေး ရှိရပါမယ်။ ရိက္ခာအပြည့်အစုံ ပါရပါမယ်။ လမ်းပြတွေ ငှားရပါမယ်။ ဒေသရာသီဥတုနဲ့လိုက်ဖက်မယ့် အဝတ်အစားတွေကအစ ယူလာရပါမယ်။ ငွေကြေးလည်း လုံလောက်ရပါမယ်။ အဲဒီအချက်တွေနဲ့ တစ်ခုမှကိုက်ညီအောင် မပြင်ဆင်နိုင်လို့ပဲ အဲဒီအိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတာ ဆန်းတော့ မဆန်းလှပါဘူး။

ဒါပေမယ့် ကျနော်တို့စိတ်ထဲ အကျေနပ်ကြီးကျေနပ်သင့်တယ်လို့ ဂုဏ်ယူကျေနပ်ရမယ်လို့ထင်ရတဲ့အချက်က ကျနော်တို့ဟာ ပေ(၁၀၂၀၀)မြင့်တဲ့ မြန်မာပြည်ရဲ့ တတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါ်နူးဇုမ်တောင်ကို ရန်ကုန်မြို့ကနေပြီး နေ့ချင်းပေါက်တောင်ထိပ်ရောက်အောင် တက်နိုင်ခဲ့ကြတယ်ဆိုတဲ့အချက်ပါပဲ။ လမ်းခရီးရွေးချယ်မှု အချိိန်နဲ့အမျှလုပ်ကိုင်စီမံမှုဟာ နေ့ချင်းပေါက်တောင်ထိပ်ရောက်အောင်တက်နိုင်ခြင်းအတွက် အာမခံချက်တွန်းအားတွေဖြစ်ခဲ့တဲ့သဘောပါပဲ။ ကျနော်တို့ဟာ စားချိန်နားချိန်နဲ့ အလုပ်လုပ်ချိန်ကို အတတ်နိုင်ဆုံး အပိုမဖြုန်းတီးပဲ ခေါ်နူးဇုမ်တောင်ထိ်ပ် အမြန်ရောက်ဖို့ကိုပဲ ဦးတည်ထားခဲ့ကြလို့ ဒီလို အမှတ်တရခရီးတစ်ခု ဖန်တီးနိုင်ကြတဲ့သဘောပါပဲ။ကဲ အခုဆိုရင် ခေါ်နူးဇုမ်တောင်ကို အောင်မြင်စွာတက်နိုင်ခဲ့ကြပါပြီ။ ကျနော်တို့ ပြန်ကြပါတော့မယ်။

တောင်ထိပ်ကပြန်ဆင်းပြီး မော်တော်ဆိုင်ကယ်တွေနဲ့ တောင်အောက်ကိုပြန်ဆင်းတဲ့အခါ တောင်ပေါ်တက်လာစဉ်တုန်းကလိုပဲ ဆိုင်ကယ်သမားရဲ့ခါးကိုအသေဖက်ပြီး ပြန်ဆင်းရပြန်တာပါ။ ဆိုင်ကယ်နဲ့ တောင်ပေါ်တက်လာစဉ်တုန်း ခတ်ဖြေးဖြေးပဲမောင်းဖို့ တလမ်းလုံး တဖွဖွတောင်းပန်ခဲ့ရသလို ပြန်ဆင်းတဲ့အခါကြပြန်တော့လည်း ခတ်ဖြေးဖြေးပဲဆင်းဖို့ တလမ်းလုံးတောင်းပန်လာရပြန်တာပါပဲ။

မှိတ်ထားတဲ့မျက်လုံးကို တစ်ချက်တစ်ချက်ဖွင့်ကြည့်တဲ့အခါ ကြက်သီးထဖွယ်ကောင်းတဲ့ ချောက်ကြီးတွေ နောက်မှာကျန်နေခဲ့ပြီး ကိုယ့်ရှေ့မှာ ဇောက်ထိုးဆင်းနေတဲ့ တောင်ဆင်းလမ်းက မဆုံးနိုင်အောင်ပါပဲ။ ဒီလောက် အဆင်းခက်ခက် အတက်ကြမ်းကြမ်းလမ်းပေါ်မှာပဲ ဆိုင်ကယ်ကယ်ရီသမားလေးက ကျနော့်ကို စကားပြောဖြစ်အောင်ပြောလာတာကိုလည်း ကျနော့်မှာ စိတ်တင်းပြီးပြန်ဖြေရပါသေးတယ်။ သူက ဆရာကြီး အသက်ဘယ်လောက်ရှိပြီလဲ။ မူးယစ်ဆေးဝါး နည်းနည်းပါးပါး မသုံးဆောင်ဘူးလား။ ဓါတ်ပုံရိုက်တာဆိုတော့ ဓါတ်ပုံတွေပြန်ရောင်းရင် ပိုက်ဆံဘယ်လောက်ရမလဲ။ အစရှိတဲ့မေးခွန်းတွေကို ကျနော်က မျက်လုံးမှိတ်တစ်ချက်ဖွင့်တစ်ချက်နဲ့ပဲ အဆင်ပြေအောင် ပြန်ဖြေရပါတယ်။

ကျနော်ကလည်းသူ့ကို ပြန်လှန်မေးခွန်းတစ်ခုတစ်လေ မေးခဲ့ပါတယ်။ ဆိုင်ကယ်ကယ်ရီဆွဲတာ အဆင်ပြေရဲ့လား။ ပျမ်းမျှ တစ်နေ့ဘယ်လောက်ရသလဲ။ ခရီးသည်တွေ သည့်ထက်များများ ပိုလာဖို့ရှိတယ်လို့ ယူဆသလား…။ ခေါ်နူးဇုမ်တောင် ခရီးသွားလုပ်ငန်း ဒေသံခံအာဏာပိုင်တွေကိုယ်တိုင် ခေါင်းဆောင်ပြီးလုပ်နေတယ်ဆိုတာ သိသလား…။

ကျနော်တို့လူသိုက် ဆယ်မိုင်စခန်းကိုပြန်ရောက်တော့ အချိိန်သိတ်ဆွဲလို့မရတော့ပါဘူး။ ဆိုင်ကယ်ကယ်ရီခတွေကို ကိုအောင်သူငြိမ်းက ရှင်းပေးလိုက်ပါတယ်။ ဆိုင်ကယ်ကယ်ရီသမားတွေကို နှုတ်ဆက်ကြပါတယ်။ အထူးသဖြင့် ဒီလမ်းဒီခရီး ဘေးမသီရန်မခ အောင်မြင်အောင် တက်နိုင်ဆင်းနို်င်ခဲ့လို့ ကျေးဇူးတင်တဲ့သဘော ဝမ်းသာတဲ့သဘော သူတို့ကိုနှုတ်ဆက်ကြတာဖြစ်တယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။

နေစောင်းစပြုပြီဖြစ်တော့ ရာသီဥတုက ပိုပြီးအိုလာခဲ့ပါတယ်။ မယ်အိုစာရဲ့ မှော်ဝင်သစ်ပင်တွေကလည်း ကျနော်တို့ကို ကုတ်ချောင်းချောင်းနဲ့ မလှမ်းမကမ်းက လှမ်းကြည့်နေကြသလိုပါပဲ။ တောင်ဇလပ်ပန်းပန်ထားတဲ့ သစ်ပင်တချို့က ကျနော့်ကိုပဲ တမင်ရွေးပြီး လိုက်ကြည့်နေသလားပါပဲ။ ကျနော်က သူတိုကို နှုတ်ဆက်တဲ့အနေနဲ့ ကားပေါ်မတက်ခင် ဓါတ်ပုံသုံးလေးပုံ အပြေးအလွှားရိုက်ပါတယ်။ ကျနော်တို့ကားလေး လာလမ်းဘက်ကိုဦးတည်ပြီး စတင်မောင်းလာတဲ့အခါ ခေါ်နူးဇုမ်တောင်ထိပ်ဆီမှာ မြူလိုလို နှင်းလိုလိုအရာတွေ ပိုပြီး ပြိုဆင်းကျလာနေပါတယ်။

ချင်းပြည်ခရီးသွားဆောင်းပါး နိဂုံးပိုင်းကို ဆက်ဖတ်ပါရန်…။

 

Mizzima Weekly