မြန်မာနှင့်ပတ်သက်သောအဆိုမူကြမ်းကို လူ့အခွင့်အရေးကောင်စီတွင် မဲခွဲအတည်ပြု

မြန်မာနှင့်ပတ်သက်သောအဆိုမူကြမ်းကို လူ့အခွင့်အရေးကောင်စီတွင် မဲခွဲအတည်ပြု
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းအား တွေ့မြင်ရစဉ် ။ ဓာတ်ပုံ - EPA

ရန်ကုန်၊ မတ် ၂၃ ။             ။ အီးယူမှ တင်သွင်းသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား ဂျီနီဗာမြို့၊ လူ့အခွင့်အရေးကောင်စီတွင် မတ် ၂၂ ရက်က မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့သည်။

ယင်း ဆုံးဖြတ်ချက်အဆိုမူကြမ်းအား အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) မြောက်ပုံမှန်အစည်းအဝေးတွင် မဲခွဲခဲ့ရာ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၇ မဲနှင့် ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်၊ ကျူးဘားနှင့် ဖိလစ်ပိုင်တို့မှ မြန်မာနိုင်ငံဘက်မှ ရပ်တည်လျက် ကန့်ကွက်မဲ ပေးခဲ့ကြပြီး၊ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ နီပေါနှင့် ဆီနီဂေါနိုင်ငံတို့ကလည်း အီးယူ၏ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား ထောက်ခံခြင်းမပြုဘဲ ကြားနေမဲ ပေးခဲ့သည်။

မြန်မာနိုင်ငံသည် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပြတ်သားစွာ ပယ်ချခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပြီး အဓိကအကြောင်းအရင်း အချက် (၇) ချက်တွင် ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် တစ်ဖက်သတ် ပြောကြားမှုများ၊ မြန်မာနိုင်ငံက ကန့်ကွက်ထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများကို အဓိကအခြေခံထားခြင်း၊ မြန်မာနိုင်ငံပေါ် ဖိအားပေးခြင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာနှင့် နယ်မြေတည်တံ့မှုတို့ကို လုံးဝအလေးမထားရာ ရောက်ခြင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဟု ခေါင်းစဉ်တပ်ထားသော် လည်း စာပိုဒ်အများစုသည် အပြုသဘောမဆောင်ဘဲ ကျဉ်းမြောင်းသည့် အမြင်များဖြင့် ရခိုင်ပြည်နယ်ရှိ လူတစ်စု၏ အခွင့်အရေးအတွက်ကိုသာ အာရုံစိုက်ထားသည်ကို တွေ့ရှိရကြောင်း အစရှိသည်တို့ကို မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ရေရှည်တည်တံ့သည့် အဖြေရရှိရေး ဆောင်ရွက်ရန် မြန်မာမှ သန္နိဌာန်ချထားကြောင်း၊ ဖြေရှင်းရာတွင် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ကြိုဆိုသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အီးယူမှ တင်သွင်းသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းတွင် လူ့အခွင့်ရေးဆိုင်ရာကိစ္စများနှင့် ရခိုင် ပြည်နယ်အရေးကိစ္စများ ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly