ရန်ကုန်၊ မတ် ၂၃ ။ ။ နေပြည်တော်သည် ရုပ်ရှင်ဖျော်ဖြေရေးမြို့တော်အသွင် စတင်လာပြီဖြစ်၍ ဝမ်းသာမိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်သည်။
ယနေ့ မတ် ၂၃ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း နေပြည်တော်မှာ ရုပ်ရှင်ဇာတ်ကား ၃ ကား၊ ဇာတ်လမ်းတွဲ ၃ တွဲနဲ့ ဇာတ်လမ်းတို ၁ ခုကို လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်။ နေပြည်တော်ကို ဖျော်ဖြေရေးမြို့တော်သစ်အသွင် စတင်လာပြီဆိုတဲ့အသိနဲ့ အလွန်ပဲ ဝမ်းသာမိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် ပြုလုပ်လိုပြီး ယင်းအပေါ် ရုပ်ရှင်လောကသားများ၏ ကြိုးပမ်း အားထုတ်မှုအပြင် နိုင်ငံတော်ဘက်မှ ပံ့ပိုးပေးရန် လိုအပ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
“ မနှစ်က ရုပ်ရှင်အနုပညာရှင်တွေနဲ့ တွေ့ဆုံချိန်မှာ နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် လုပ်လိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ရှင်လောကသားများရဲ့ ကြိုးပမ်း အားထုတ်မှုအပြင် ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က ထိရောက်တဲ့အကူညီပေးဖို့ လိုအပ်တယ် ဆိုတာ နားလည်မိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က နေပြည်တော်တွင် ရုပ်ရှင်ကားရိုက်ကူးရေးများအတွက် ညှိနှိုင်း ဆက်သွယ်ရေးအဖွဲ့ ထားရှိပြီး ဆောင်ရွက်ပေးနေကြောင်း အကယ်ဒမီဆုပေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ရုပ်ရှင်လောကသားများအနေဖြင့် Soft Power ကို အကျိုးရှိရှိအသုံးချစေချင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ရုပ်ရှင်လုပ်ငန်းမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံပံ့ပိုးကြဖို့ အတိုင်ပင်ခံက တိုက်တွန်းခဲ့သည်။
“ ရုပ်ရှင်များကပေးတဲ့သြဇာဟာ လူအများရဲ့ စိတ်နှလုံးကို အများကြီး လွှမ်းမိုးနိုင်ပါတယ်။ ဒါဟာ ကျွန်မ ပြောလေ့ရှိတဲ့ Soft Power ပါပဲ။ အဲဒီလို သိမ်မွေ့တဲ့စွမ်းအားကို မှန်မှန်ကန်ကန် အသုံးချပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံအတွက်သာာမက တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မတ်လ ၂၃ ရက်တွင် ကျင်းပသည့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားစုစုပေါင်း ၈၃ ကားရှိပြီး ဆန်ခါတင် ၂၅ ကားရှိကာ ဆု ၁၃ ဆု ချီးမြှင့်မည်ဖြစ်ကာ မတ်လ ၂၃ ရက် ည ၇ နာရီ ၁၀ မိနစ် တွင် “ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု” ကို ဒေါ်မြင့်မြင့်ခင်က ရရှိခဲ့သည်။