“တပ်မတော်နဲ့အတူ ရပ်တည်မယ်”လို့ နိုင်ငံရေးပါတီတချို့ တပ်ချုပ်ထံ တင်ပြ

“တပ်မတော်နဲ့အတူ ရပ်တည်မယ်”လို့ နိုင်ငံရေးပါတီတချို့ တပ်ချုပ်ထံ တင်ပြ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်(မတ်လ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ လက်ရှိ တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဲ့သို့သော အထွေထွေအကြပ်အတည်းများ ဖြစ်ပေါ်နေသဖြင့် တပ်မတော်က ခက်ခဲသည့် ဆုံးဖြတ်ချက်များ ချမှတ်လာ သည့် တိုင်အောင် တပ်မတော်နှင့်အတူ ရပ်တည်မည်ဟု ယမန်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် နိုင်ငံရေးပါတီတချို့က တင်ပြလိုက်သည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီစဉ်မှုဖြင့် မတ်လ ၂၂ရက်က နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်တွင် နိုင်ငံရေးပါတီ ၃၂ပါတီမှ ခေါင်းဆောင်များနှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ၊ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဥပဒေကြောင်းနှင့် နိုင်ငံရေးပြဿနာတချို့ကို အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်၊ တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ စီးပွား ရေးနှင့်နိုင်ငံရေးဆိုင်ရာကိစ္စတချို့ကို အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်နှင့် တိုင်းရင်း သား ကိစ္စတချို့ကို ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်တို့က ဗိုလ်ချုပ်မှူးကြီးထံ အသီးသီး တင်ပြခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ ဒီနေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေအကြပ်အတည်း ဖြစ်နေပြီ။ ဒီ အထွေထွေအကြပ်အတည်းတွေဟာ နိုင်ငံတော်ပြိုကွဲဖို့အထိ ဖြစ်လာမယ်ဆိုရင် တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့်တာဝန်ရှိတယ်။ ဒီလို ဆောင်ရွက်ဖို့ တာဝန်နဲ့ပတ်သက်ပြီးတော့ တပ်မတော်က ခက်ခဲတဲ့ ဆုံးဖြတ်ချက်များ ချမှတ်လာမယ်ဆိုရင် ကျွန်တော်တို့က တပ်မတော်နဲ့အတူ ရပ်တည်မယ်။ ဒါပဲ ကျွန်တော်တို့ ပြောခဲ့တာ။ ဒေါက်တာနေဇင်လတ်လည်း ဒီသဘော ပြောတယ်” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။

တပ်မတော်အနေဖြင့် တိုင်းပြည်ကောင်းကျိုးအတွက် ရပ်တည်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည်ဟု တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သလို အချက် နှစ်ချက်ပေါ်တွင်လည်း ခိုင်ခိုင်မာမာ ရပ်တည်သည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ လေးစားလိုက်နာမှုမှာတော့ တပ်မတော်အစဉ်အဆက်မူအတိုင်း သူတို့ ရပ်တည် နေတယ်။ ပြီးတော့ တပ်မတော်မှာ တောက်လျှောက်ရပ်တည်ခဲ့တဲ့ ကြွေးကြော်သံဖြစ်တဲ့ ‘အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်’ ဘူးဆိုတဲ့ ရည်တည်ချက်ကတော့ ခိုင်ခိုင်မာမာရှိတယ်ဆိုတာကိုတော့ နားလည်သဘောပေါက်ပါတယ်” ဟု ဦးသိန်းညွှန့်က ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကမူ ၎င်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ကို လာမည့် ၂၀၂ဝခုနှစ် မတိုင်ခင် အမြန်ဆုံး ပြင်ဆင်ပေးစေလိုကြောင်းနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး တိုင်းနှင့် ပြည်နယ်များကို လုပ်ပိုင်ခွင့် ပိုပေးရန် တင်ပြခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။

 “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က ၇၅ရာခိုင်နှုန်းကျော်မှဆိုတော့ တပ်မတော်က Key(သော့) ကိုင်ထားတယ် လေ။ အဲ့ဒါကြောင့် နည်းနည်းကူညီပေးဖို့ပေါ့။ ဒါမှ တိုင်းရင်းသားတွေက ပြည်နယ်မှာ အုပ်ချုပ်လို့ရမယ်လေ” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

အဆိုပါ တင်ပြချက်အပေါ် ဗို်လ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေနှင့်အညီ ကူညီသင့်၊ ကူညီထိုက်သည့် ကိစ္စများကို ကူညီပေးမည်ဟု ပြောခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ သည် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်ပြီး ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ရသည့် လက်ရှိ ပြဋ္ဌာန်း ချက်အစား သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော်များကသာ ရွေးချယ်ခန့်အပ်နိုင်ရန် ပြင်ဆင်လိုခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို သဘောတူသော်လည်း သတ်မှတ်ပြဋ္ဌာန်း ထားသည့် အတိုင်းသာ ပြင်ဆင်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီများကို ပြောကြားခဲ့သည်။

“တပ်ချုပ်ရဲ့ သဘောထားက ရှင်းတယ်လေ။ အခြေခံဥပဒေကို ပြဋ္ဌာန်းထားတဲ့အတိုင်း ဥပဒေနဲ့အညီ ပြင်သင့်၊ ပြင်ထိုက်တဲ့အချိန်မှာ ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို ပြင်ပေါ့။ ဒါပဲ သဘောထားရှိပါတယ်။ ဒါကိုပဲ အတိအလင်း ထုတ်ပြောတာ” ဟု ဦးသိန်းညွှန့်က ဆိုသည်။

ထို့ပြင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်ကိုလည်း ထမ်း ဆောင်လျက်ရှိကြောင်း၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ ပြည်သူများနှင့် တိုင်းပြည်၏ လိုအပ်ချက််များကို အမျိုး သားအကျိုးစီးပွားအတွက်ဆိုပါက မည်သည့်ကိစ္စမဆို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ အတွေ့ အကြုံများကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်၍ တိုင်းပြည်အတွက် အသုံးချကြစေလိုကြောင်းနှင့် နိုင်ငံရေးပါတီ များ အနေဖြင့် နိုင်ငံရေးအတွက် ဦးဆောင်စေလိုပြီး တပ်မတော်အနေဖြင့် နိုင်ငံ့အရေး၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သေးသည်။

တပ်မတော်အနေဖြင့် နို်င်ငံရေးပါတီများကို တွေ့ဆုံခြင်းသည် နိုင်ငံရေးအရ တွေ့ဆုံခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားရေးအရ တွေ့ဆုံခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောကြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly