သမ္မတမဖြစ်လည်း အစိုးရဖွဲ့နိုင်ရင် ပဲ့ကိုင်သူ လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

သမ္မတမဖြစ်လည်း အစိုးရဖွဲ့နိုင်ရင် ပဲ့ကိုင်သူ လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
အောက်တိုဘာ ၃ရက်၊ မွန်းတည့် ၁၂နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ဘောလုံးကွင်းပြင်တွင် စည်းရုံးဟောပြောနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)

မိုးညှင်း၊ အောက်တိုဘာ ၃။        ။ အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင်း ရောက်ရှိလာသော တပ်မတော်သားအမတ်တို့ သဘောတူမှသာ သမ္မတဖြစ်ခွင့်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်က သူသည် ယင်းကန့်သတ်ချက်ကို စိတ်မပူဘဲ ပြည်သူများအနေဖြင့်လည်း မစိုးရိမ်ကြရန် ပြောဆိုလိုက်သည်။
 
ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပါက သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ပုဒ်မကို ဥပဒေဘောင်အတွင်းက ပြင်နိုင်မည်ဟု ယုံကြည်ထားသလို “ဒီပုဒ်မကို ချက်ချင်း ကျွန်မတို့ ပြည်သူလူထု လိုလားသလို ချက်ချင်းလက်ငင်း မပြင်နိုင်ရင်တောင်မှ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် ကျွန်မပဲဆက်ပြီး ပဲ့ကိုင်သွားမှာပဲဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ” ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
သူ့ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ရည်ညွှန်းကာ ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃ရက်၊ မွန်းလွဲပိုင်းက မိုးကောင်းမြို့တွင် ပြုလုပ်သည့် လူထုဟောပြောပွဲတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
 
“သမ္မတဆိုတဲ့ရာထူး၊ နာမကို ခံယူထားမှ ဦးဆောင်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူက လက်ခံလို့ရှိရင်လည်း ကျွန်မတို့ ဦးဆောင် သွားလို့ရပါတယ်။ အဲ့ဒါတွေအတွက် မပူပါနဲ့၊ ကျွန်မတို့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက ကြိုပြီး စဉ်းစားထားပြီးသား ကိစ္စဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
အခြေခံဥပဒေပါ ပုဒ်မ၅၉(စ)သည် နိုင်ငံခြားသားခင်ပွန်းနှင့် သားနှစ်ယောက်ရှိသော သူမကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားခြင်း ဖြစ်သော်လည်း ယင်းကန့်သတ်ချက်အား ကြိုတင်ပြင်ဆင်ထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ခြင်းဖြစ်သည်။ ယင်းပုဒ်မအား ပြင်ဆင်မည်ဆိုပါက လွှတ်တော်အမတ် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သည်။
 
NLDပါတီ အနိုင်ရပါက ပြည်သူများအား လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးပေးမည်ဖြစ်သည်ဟုလည်း မိုးကောင်းမြို့ရှိ ဒေသခံများကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သေးသည်။
 
အောက်တိုဘာ ၃ရက် နံနက်ပိုင်းကတည်းက မြစ်ကြီးနားမြို့နှင့် မိုင်တစ်ရာ တိတိဝေးသော မိုးညှင်းမြို့သို့ ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် လမ်းခုလတ်ရှိ နမ္မတီး၊ မိုးကောင်းနှင့် ဟိုပင်မြို့တို့တွင် ဒေသခံများအား ဟောပြောခဲ့သည်။
 
ယမန်နေ့က မြစ်ကြီးနားမြို့ ဟောပြောပွဲတွင် သတ်မှတ်ထားသော မနောကွင်းကို အာဏာပိုင်များက သုံးစွဲခွင့်မပြုခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဝေဖန်သည်။ “ဒီနိုင်ငံမှာ လွတ်လပ်မှုမရှိဘူးဆိုတာ ဒါဟာ သက်သေပဲ” ဟု အသက်(၇၀)ကျော်အရွယ် ဝါရင့် အတိုက်အခံခေါင်းဆောင်က ဆိုသည်။
 
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် ည ၆နာရီ၊ ၃၅မိနစ်တွင် မိုးညှင်းမြို့သို့ရောက်ရှိလာကာ မိုးညှင်းဟိုတယ်တွင် တည်းခိုနေပြီး အောက်တိုဘာ ၄ရက် နံနက်(၈)နာရီတွင်မူ မိုးညှင်းမြို့ရှိ လျောင်းတော်မူဘုရား(ဒေသအခေါ် =ပြဇာတ်ရုံ)အနီးတွင် လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required