နည်းပြလောကကို ပြန်လာပြီး ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ဖို့ ပစ်မှတ်ထားနေတဲ့ မော်ရင်ဟို

နည်းပြလောကကို ပြန်လာပြီး ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ဖို့ ပစ်မှတ်ထားနေတဲ့ မော်ရင်ဟို
Photos: AFP

ဟိုဆေး မော်ရင်ဟိုဟာ ထိပ်တန်းအဆင့် စီမံခန့်ခွဲမှုနဲ့ နည်းပြလောကထဲ ပြန်လာပြီး ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ဖို့အတွက် ရည်ရွယ်နေကြောင်း ရီးယဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းနည်းပြဟောင်းက သောကြာနေ့က အေအက်ဖ်ပီ (AFP) နဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဒီဇင်ဘာလက ယူနိုက်တက်အသင်းရဲ့ ထုတ်ပယ်ခံရပြီးနောက်ပိုင်း နည်းပြ အလုပ်နဲ့ ကင်းကွာနေသူပါ။ သူဟာ ကလပ်အသင်းတစ်ခုမှာ နည်းပြအဖြစ် ခန့်အပ်ခံရလိုပြီး ၂၀၀၃ ခုနှစ်မှာ ပေါ်တို၊ နောက် ၇ နှစ်အကြာ အင်တာမီလန်အသင်းတို့နဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတွေကို ကလပ်အသင်းသစ်မှာ နောက်ထပ် ဆွတ်ခူးနိုင်ပြီး ဇီဒန်း၊ အန်ဆယ်လော့တီနဲ့ ဘော့ ပစ္စလေတို့နဲ့ တန်းတူဖြစ်ချင်တယ်လို့ သူက ပြောပါတယ်။

"ကျနော်ဟာ ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်ဆိုရင် ကြီးကျယ်သွားပါပြီ။"လို့ အသက် ၅၆ နှစ်အရွယ် နည်းပြက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

"ကျနော်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအဆင့်အတန်းတစ်ခုမှာ ကစားချင်ပါတယ်။

"ကျနော် လာမယ့်နှစ် ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ ပြိုင်ပွဲမှာ ရှိလိုပါတယ်။ တခါတလေကျ၊ ခင်ဗျားဟာ ဒီယှဉ်ပြိုင်မှုထဲ ရှိမနေပါဘူး။ ဒါပေမယ့် ခင်ဗျားဟာ တခြား ပြိုင်ပွဲတွေမှာ အောင်မြင်ဖို့တော့ ရှိပါတယ်။"

မော်ရင်ဟိုဟာ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလန်နဲ့ အီတလီမြေတွေမှာ အမှတ်ပေးဖလားတွေ ဆွတ်ခူးထားနိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး လာမယ့်ရာသီမှာ သူနည်းပြခဲ့ဖူးတဲ့ နိုင်ငံတွေဆီ ပြန်ရောက်လာနိုင်သလို နယ်မြေသစ်ဆီကိုလည်း ဦးတည်နိုင်တယ်လို့ သူက ဆိုပါတယ်။

"ရိုးရိုးသားသား ပြောရရင် အရင်က နည်းပြဖူးတဲ့ နိုင်ငံတစ်နိုင်ငံဆီ ပြန်သွားနိုင်ပါတယ်။ ကျနော်နည်းပြခဲ့ဖူးတဲ့ နိုင်ငံတိုင်းမှာ အလုပ်လုပ်ရတာ နှစ်သက်မိပါတယ်။

(ဒါမှမဟုတ်) ကျနော် အရမ်း အရေးပါတဲ့ အရာတစ်ခုကို ကြိုးစားကြည့်နိုင်ပါတယ်။ အဲဒါက ၅ နိုင်ငံမြောက်မှာ အလုပ်လုပ်ဖို့ဖြစ်ပြီး အရင်က အခြားနိုင်ငံ လိဂ် ၄ ခုမှာ အောင်မြင်ခဲ့သလိုပဲ လိဂ်အသစ်၊ နိုင်ငံအသစ်မှာ အရာအားလုံး အောင်မြင်ဖို့ ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။"လို့ မော်ရင်ဟိုက ပြောဆိုသွားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly