အမေရိကန်ရွေးကောက်ပွဲမှာ ရုရှား စွက်ဖက်မှုနဲ့ပတ်သက်တဲ့ အထူးအကြံပေးအစီရင်ခံစာ တင်သွင်း

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှား စွက်ဖက်မှုနဲ့ပတ်သက်တဲ့ အထူးအကြံပေးအစီရင်ခံစာ တင်သွင်း
Photo: AFP

၀ါရှင်တန်၊ မတ် ၂၃ ။    ။ အမေရိကန် အထူးအကြံပေး ရောဘတ်မူလာက ရွေးကောက််ပွဲမှာ ရုရှစွက်ဖက်မှုနဲ့ ပတ်သက်တဲ့ ကာလရှည်ကြာနေပြီဖြစ်တဲ့ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ပြီး အပြီးသတ်အစီရင်ခံစာကို တင်သွင်းလာကြောင်း အမေရိကန် ရှေ့နေချုပ် ဘီလ်ဘားက မတ် ၂၂ ရက်မှာ ကြေညာပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ ရုရှား ပါဝင်ပတ်သက်သလားဆိုကာ နှစ်နှစ်နီးပါးကြာ စုံစမ်းစစ်ဆေးခဲ့မှု အစီရင်ခံစာကို အပြီးသတ် တင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာကို လျှို့ဝှက်အဆင့် ထားရှိမှာ ဖြစ်ပေမယ့် ရှေ့နေချုပ် ဘီလ်ဘားကတော့ ကွန်ဂရက်လွှတ်တော်ဆီ ဒီစနေ၊ တနင်္ဂနွေမှာ အစီရင်ခံစာရဲ့ အကျဉ်းချုပ်ကို ပေးပို့ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီမိုကရက်အမတ်တွေဖက်ကတော့ အစီရင်ခံစာကို လူသိရှင်ကြား တရားဝင်ထုတ်ပြန်ဖို့ တောင်းဆိုထားကြပါတယ်။

ဒီ အစီရင်ခံစာမှာ ထရမ့်ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တွေ၊ ရွေးကောက်ပွဲမဲဆွယ် အကြံပေးဟောင်းတွေဟာ ရုရုနဲ့ ပူးပေါင်းပတ်သက်တာမျိုး၊ တရားမျှတမှုကို ချိုးဖောက်တာမျိုး ရှိတယ်ဆိုတာမျိုးကိုတော့ ထောက်ပြထားတာ ပါနေပုံ မရပါဘူး။

ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက််စွက်ဖက်ပြီး ထရမ့်ရဲ့ အသိုင်းအဝန်းကဟာလည်း ရုရှားနဲ့ မကင်းရာ မကင်းကြောင်းရှှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ထရမ့်အစိုးရအတွက် နှစ်နှစ်တာကာလကို အရိပ်လွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေချုပ် ဘီလ်ဘားကတော့ အထူးအကြံပေး ရောဘတ်မူလာ တင်သွင်းလာတဲ့ အခု အစီရင်ခံစာကို ကွန်ဂရက်လွှတ်တော်ဆီ ပေးပို့ပြီး ပြည်သူထံ ထုတ်ပြန်သင့်မလားဆိုတာကို လက်ထောက်ဖြစ်သူ ရော့ရိုဆန်စတိန်းနဲ့ ရောဘတ်မူလာတို့နဲ့ တိုင်ပင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly