AFC U 23 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာယူ ၂၃ အသင်းမှ ၇ ဂိုး၊ ဂိုးမရှိဖြင့် အရှေ့တီမောကို အနိုင်ရ

AFC U 23 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာယူ ၂၃ အသင်းမှ ၇ ဂိုး၊ ဂိုးမရှိဖြင့် အရှေ့တီမောကို အနိုင်ရ
Photo: Thura/Mizzima

ရန်ကုန်၊ မတ်လ ၂၂ ။      ။ AFC U 23 Championship Qualifiers 2020 Thailand ပြိုင်ပွဲ အုပ်စုပွဲစဉ်ကို မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာအသင်းနှင့် အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်းက  ၇ ဂိုး ဂိုးမရှိဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ 

မြန်မာအသင်းနှင့်အရှေ့တီမောတို့ ယှဉ်ပြိုင်ကစားသည့် ပထမပိုင်း စစချင်း၊ ပွဲကစားချိန် ၃ မိနစ်နှင့် ၄ မိနစ်တွင် ကျောနံပတ် ၁၁ တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်က အဖွင့်ဦးဆောင်ဂိုးနှင့် ဒုတိယဂိုးကို ဆက်တိုက်သွင်းယူခဲ့သည်။

မြန်မာအသင်းအနေဖြင့် တီမောအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၃ မိနစ်အရောက်တွင် ကွင်းလယ်တောင်ပံကစားသမား ကျောနံပတ် ၈ မြတ်ကောင်းခန့်က တတိယဂိုးကို ထပ်မံသွင်းယူကာ ပထမပိုင်းပြီးကာနီးအချိန် နာကျင်အချိန်ပို ၁ မိနစ်တွင် မြန်မာအသင်းတိုက်စစ်ကစားသမား ကျောနံပတ် ၁၀ ဝင်းနိုင်ထွန်းက စတုတ္ထဂိုးကို ထပ်မံသွင်းယူခဲ့သည်။ ထို့ကြောင့် ပထမပိုင်းပွဲအပြီးတွင် မြန်မာက သွင်းဂိုး ၄ ဂိုးဖြင့် အရှေ့တီမောအသင်းကို ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၀ မိနစ်အရောက်တွင် တီမောအသင်း ဂိုးသမား အက်ဒါတိုက ဂိုးဧရိယာအပြင်သို့ ထွက်လာပြီး ကာကွယ်မှု ပြုလုပ်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ် ပြသသတိပေးမှု ပြုလုပ်ခဲ့သည်။

ယင်းမှ ရရှိလာသည့် ပြစ်ဒဏ်ဘောကို ကွင်းလယ်ကစားသမား လွင်မိုးအောင်က ကန်သွင်းရာမှ ပြန်ထွက်လာသည့် ဘောလုံးကို ကျောနံပတ် ၂၀ ကွင်းလယ်ကစားသမား ဇေယျာနိုင်က အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့သည်။ ပွဲကစားချိန် ၆၂ မိနစ်တွင် ကျောနံပတ် ၁၃ နောက်တန်းကစားသမား ရဲမင်းသူက ထပ်မံသွင်းယူခဲ့ပြီး ကျောနံပတ် ၁၀ တိုက်စစ်မှုး ဝင်းနိုင်ထွန်းက ထပ်မံဂိုး သွင်းယူနိုင်ခဲ့သည်။

“ ဒီနေ့က တကယ်ကို ပွဲကောင်းတစ်ပွဲပါ။ ကစားသမားတွေ သွင်းလိုက်တဲ့ဂိုးတွေက ထူးခြား ပြောင်မြောက်လွန်းပါတယ်။ ပေးဂိုးမရှိနဲ့ အနိုင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီနေ့ပွဲမှာ ဂိုးထပ်ရနိုင်တဲ့အခွင့်အရေးတွေကို လွဲချော်ခဲ့တယ်။ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ကျေနပ်ပါတယ်။ မနက်ဖြန် လေ့ကျင့်ချိန်မှတော့ ပြင်ဆင်စရာတွေရှိတာကို ပြင်ဆင်သွားပါမယ်”ဟု  မြန်မာ့လက်ရွေးစင် ယူ၂၃ နည်းပြချုပ် ပိုပေါ့ဗ် က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သွင်းဂိုး ၇ ဂိုး သွင်းယူခဲ့ပြီးနောက် ပွဲကစားချိန် ၈၇ မိနစ်တွင် လူစားဝင်ကစားသမား  ကျောနံပတ် ၁၅ တိုက်စစ်မှုး အောင်ကောင်းခန့် သွင်းယူခဲ့သည့်ဂိုးမှ လူကျွံဘောအဖြစ် ဒိုင်လူကြီးက သတ်မှတ်ခဲ့သည်။ 

အာရှထိပ်သီး ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် အုပ်စုတစ်ခုတည်းကျနေသော မြန်မာအသင်းအနေဖြင့် အဆိုပါပွဲအနိုင်ကြောင့် အုပ်စု (စျ)တွင် ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အုပ်စု (စျ) အဖွင့်ပွဲစဉ်ဖြစ်သည့် ဂျပန်အသင်းနှင့် မကာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန်အသင်း ၈-၀ မကာအို အသင်းတို့ ရလဒ် ထွက်ပေါ်လာသည်။ 

မတ်လ ၂၂ ရက်နေ ့မှ မတ်လ ၂၆ ရက်နေ ့အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် အာရှခြေစစ်ပွဲ အုပ်စု (I) (AFC U23 Championship Qualifiers 202 Thailand) ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်  လက်ခံကျင်းပနေခြင်း ဖြစ်သည်။ 

ရန်ကုန်မြို့တွင် မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီတွင် မကာအို နှင့် ဂျပန် ၊ညနေ ၆ နာရီတွင် အိမ်ရှင် မြန်မာအသင်း နှင့်အရှေ့တီမော၊ မတ်လ ၂၄ ရက်နေ ့ညနေ ၃ နာရီတွင် အရှေ့တီမော နှင့် ဂျပန်အသင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင် မြန်မာအသင်းနှင့် မကာအို တို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့၊ ညနေ ၃ နာရီတွင် အရှေ့တီမောနှင့်မကာအိုအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်း နှင့်ဂျပန်အသင်းတို့ အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ 

၂၀၂၀ အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၁၆ သင်း ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်ပြီး အိမ်ရှင် ထိုင်းအသင်းမှာ ခြေစစ်ပွဲ အလိုအလျောက် အောင်မြင်ပြီးဖြစ်သော်လည်း ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့ကြောင့် ခြေစစ်ပွဲကို ထိုင်းအသင်းအပါအဝင် ၄၃ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၄ သင်းစီ ပါဝင်သော အုပ်စု ၁၀ ခုနှင့် ၃ သင်း ပါဝင်သော အုပ်စု ၁ ခုခွဲကာ ကျင်းပမည် ဖြစ်သည်။ 

ခြေစစ်ပွဲကို အုပ်စုဗိုလ် ၁၁ သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရ ၄ သင်းတို့ အောင်မြင်မည်ဖြစ်သော်လည်း ထိုင်းအသင်းသာ အုပ်စုဗိုလ် (သို့်မဟုတ်) အကောင်းဆုံးအုပ်စုဒုတိယရ ၄ သင်းစာရင်း ဝင်ခဲ့ပါက အကောင်းဆုံး ဒုတိယရ ၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အုပ်စုတွင်း အသင်းများ ရမှတ်တူညီနေလျှင် ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းကို အသုံးပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly