WOF ၏ Media & Communications Award ကို သဥၨာရွှန်းလဲ့ရည် ရရှိ

WOF ၏ Media & Communications Award ကို သဥၨာရွှန်းလဲ့ရည် ရရှိ

မတ်၊ ရန်ကုန် ။     ။ မဇ္ဈိမတီဗီ၏ Under 30 Dialogue TV Show ၏ အစီအစဉ်မှူး သဥ္ဇာရွှန်းလဲ့ရည်က The Women of the Future Awards Southeast Asia ဆုတွင် Media & Communications Award ကို ရရှိခဲ့သည်။

နယ်ပယ် ၁ဝ ခုမှ အမျိုးသမီးများကို နိုင်ငံ ၁ဝ ခုမှ ရွေးချယ်ပြီး ဆုချီးမြှင့်သည့် The Women of the Future Awards Southeast Asia ဆုများထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။

Under 30 Dialogue TV Programme သည် မြန်မာနိုင်ငံတွင် လူငယ်ကို ဗဟိုပြုသည့် တစ်ခုတည်းသော ဆွေးနွေးမှု ပလက်ဖောင်းဖြစ်ပြီး အသက် ၃ဝ အောက် လူငယ်များ၏ မတူညီသော အတွေးအမြင်၊ မျှော်မှန်းချက်၊ ရင်ဖွင့်သံများ၊ ရှုထောင့်များနှင့်ပတ်သက်၍ လူငယ်ထုအကြားအခြေခံသဘောတူညီမှုကို ဆွေးနွေးမှုများမှတစ်ဆင့် ဖော်ထုတ်ပေးနေသည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရေရှည်တွင် အောင်မြင်မှု ရရှိရန် လုပ်ဆောင်ရသည် ဆိုပါလျင် လူငယ်တို့၏ အကျပ်အတည်းများ၊ လိုအပ်ချက်များကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သကဲ့သို့ မူဝါဒချမှတ်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုတို့တွင် ထည့်သွင်းရမည်ဖြစ်သည်။  ယင်းအတွက်ကြောင့် မြန်မာနိုင်ငံတွင် လူငယ်ထု ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံခံရမှုများ၊ စိန်ခေါ်မှုများနှင့်အတူ လူငယ်နှင့် သက်ဆိုင်သည့် လူမှု၊ နိုင်ငံရေး အခက်အခဲများနှင့်စပ်လျင်းပြီး ပြည်သူလူထုနှင့် အစိုးရကို အသိပညာပေး၊ သြဇာပေးနိုင်ရန် အဆိုပြုထားသော Under 30 Dialogue ပရောဂျက်က ရည်ရွယ်သည်။

အဆိုပါဆုအတွက် ဆန်ခါတင်စာရင်းကို နိုဝင်ဘာလ ၁၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်ပြီး Business ( စီးပွားရေး) ၊ Entrepreneur(စွန့်ဦးတီထွင်သူ)ကဏ္ဍ၊ Professions ၊ Community Spirits & Public Service၊ Science,  Technology and Digital( သိပ္ပံနှင့်နည်းပညာ) ဆုများပါဝင်ခဲ့ပြီး မြန်မာနိုင်ငံမှ အမျိုးသမီး ၇ ဦး ဆန်ခါတင် စာရင်း ဝင်ခဲ့သည်။

အဆိုပါ The Women of the Future Awards Southeast Asia ၂၀၁၉ ဆုပေးပွဲကို စင်ကာပူနိုင်ငံ၊ ဟီတန်လ် ဟိုတယ်တွင် Gala Dinner နှင့်အတူ ကျင်းပမည် ဖြစ်သည်။

ဆုရရှိသူအမျိုးသမီးများအနေဖြင့် Women of the Future (WOF) နက်ဝပ်ခ်အပါအဝင် အခြား ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအရေးနှင့် ပတ်သက်သော အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်သည်။

WOF ကို ၂၀၀၆ ခုနှစ်က Pinky Lilani CBE DL နှင့် Cherie Blair CBE တို့က တည်ထောင်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အောင်မြင်မှုရရှိနေသော အမျိုးသမီးများကို ရွေးချယ်ဆုချီးမြှင့်နေခြင်း ဖြစ်သည်။

၂၀၁၈ အတွက် ဆုပေးပွဲတွင် Community Spirit & Public Service ကဏ္ဍတွင်  မြန်မာနိုင်ငံမှ ဒေါ်ဖြူနှင်းငြိမ်း (General Manager, Farm Advisory Services, Proximity Designs) မှ ဆုရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required