မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းပေးရန် ထပ်မံတောင်းဆို

မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းပေးရန် ထပ်မံတောင်းဆို

ချင်းမိုင်၊ အောက်တိုဘာ ၃။                ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းအား ထာဝရ ရပ်စဲရန် မြစ်ဆုံဒေသခံများ အပါအဝင် ကချင်ပြည်နယ် အရပ်ဘက်လူ့အဖွဲ့အစည်း ၁၅၀ ကျော်က ပူးပေါင်း၍ တောင်းဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရပ်စဲထားသည့် မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကို ပို၍ ဖြစ်ပေါ်စေနိုင်သဖြင့် စီမံကိန်းအား ရပ်စဲခြင်း ထားဝရအဖြစ် သေချာစေရန် အလိုရှိသည်ဟုအောက်တိုဘာလ ၁၀ ရက် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒီမြစ်ဆုံစီမံကိန်းကို နောက်ထပ် ဘယ်တော့မှ မလုပ်ဖို့ရန်အတွက် တောင်းဆိုချင်တယ်။ စီမံကိန်းကြောင့် ပြောင်းရွှေ့လာတဲ့ ရွာသူရွာသားတွေ အများကြီးုဒုက္ခရောက်တယ်။ ရွှေ့ပြောင်းနေရတဲ့ နေရာမှာလည်း အဆင်မပြေဘူး။ ဆိုတော့ သူတို့ရဲ့ မူရင်းဒေသဖြစ်တဲ့ တန်ဖရဲရွာကို နေထိုင်နိုင်ဖို့၊ မြစ်ဆုံ စီမံကိန်းကို ရပ်စဲလိုက်ပြီးတော့ ဧရာဝတီမြစ်ဟာ လှပစွာ ထာဝစဉ်စီးဆင်း ရှင်သန် နိုင်ဖို့ကို လိုချင်တယ်”ဟု ပွဲဖြစ်မြောက်ရေး အလုပ်အမှုဆောင် ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်ပူက ပြောသည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသော ဒေသခံ ပြညသူများသည် ရွာသစ် အောင်မြင်သာကျေးရွာတွင် စားဝတ် နေရေး အဆင်မပြေ၊ မလုံခြုံမှုများစွာနှင့် ဘဝ ဆက် အသက်ရှင်သန်ရန် အခက်အခဲများနှင့် ကြုံတွေ့ ခံစားရသဖြင့် မိမိတို့ နေထိုင်ခဲ့သော မူလ ကျေးရွာများသို့ လွတ်လပ်စွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည် နေထိုင်ခွင့်ရရှိရန် အလိုရှိကြောင်း တောင်းဆိုထားသည်။

လက်ရှိ ပြောင်းရွှေ့နေရသည့် အောင်မြင်သာကျေးရွာတွင် စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်ရန် ခြံ၊ တောင်ယာ လုပ်စားရန်နေရာ အစဉ်မပြေသဖြင့် မိမိတို့ တန်ဖရဲကျေးရွာသို့ ပြန်လည် သွားရောက်၍ လုပ်ကိုင် စားသောက်နေရသဖြင့် သားသမီးများအတွက် ကျောင်းအကြိုအပို့ လုပ်ရန် အခက်အခဲရှိသလို၊ ကျန်းမာရေးအတွက်လည်း အခက်အခဲ ရှိနေသည်ဟု သူက ပြောသည်။

“သူတို့ရဲ့ ဘဝလုံခြုံမှုက မရှိဘူးဖြစ်နေတယ်။ ဟိုနေရာမှာလည်း အတည်တကျ မဖြစ်ဘူး။ ဒီဘက်ကို ပြောင်းရွှေ့တဲ့ အခါမှာလည်း ဘယ်အချိန်မှာ မြစ်ဆုံစီမံကိန်း လုပ်ပြီးတော့ ဘယ်အချိန်မှာ ပြန်ပြီးချိန်းခြောက်မလဲဆိုတာတွေက သူတို့ ကြောက်နေတယ်။ အခုက ရပ်စဲထားတယ်ဆိုပေမဲ့ ရပ်စဲထားတာ ဟုတ်တလားဆိုတာ လုံးဝ အပြတ်ပြောလို့ မရသေးဘူး”ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းမျိုးကို မဆို ပြည်သူလူထု၏ ပါဝင်မှုနှင့် ပြည်သူလူထုအား ချပြ၍ ပွင့်လင်းမြင်သာစွာ ချမှတ်၍ သဘောထားရယူ၍ ပြုလုပ်ရန် လိုအပ်ကြောင်း သူက ပြောသည်။

ထို့ပြင် လူ့အခွင့်အရေး၊ စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရေး၊ သဘာဝ သယံဇာတနှင့် သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ပြည်သူလူထုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် အလိုရှိကြောင်း တောင်းဆိုထားသည်။

လာမည့် အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ မြစ်ဆုံကျေးရွာတွင် မြစ်ဆုံစီမံကိန်း ရပ်စဲသည့် ၄ နှစ်ပြည့် အထိန်းအမှတ် ဆုတောင်းပွဲ အခမ်းအနားလည်း ပြုလုပ်ကျင်းပကြမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က တန်ဖရဲကျေးရွာ၏ တောင်ဘက် ၈ မိုင်ခန့် အခွာအဝေးတွင် အေးရှားဝေါလ်းကုမ္ဗဏီက နေအိမ်များ တည်ဆောက်၍ အောင်မြင်သာကျေးရွာအဖြစ် ပြောင်းရွှေ့နေထိုင်စေခဲ့ခြင်း ဖြစ်သည်။

 

၂၀၀၇ ခုနှစ်က ယခင်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်း၍ မဂ္ဂဝပ် ၆၀၀၀ ထုတ်လွှတ်မည့် မြစ်ဆုံစီမံကိန်းကို တည်ဆောက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံးက ကန့်ကွက်ခဲ့သဖြင့် သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required