မန်းချောင်းအတွင်း ရေဆင်းချိုးရာမှ လူငယ်တစ်ဦး ရေနစ်သေဆုံး

မန်းချောင်းအတွင်း ရေဆင်းချိုးရာမှ လူငယ်တစ်ဦး ရေနစ်သေဆုံး

မကွေး၊ မတ် ၂၂ ။     ။ မန်းရွှေစက်တော်ဘုရား၊ မန်းချောင်းတွင် ဘုရားဖူးလာသူ လူငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုတစ်ခု မတ် ၂၂ ရက်နေ့၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့သည်။

မကွေးမြို့နယ်၊ အင်ကြင်းကျေးရွာမှ ဦးအောင်ထိုက်နှင့်မိသားစုသည် ကျေးရွာဘုရားဖူးများနှင့်အတူ ရွှေစက်တော်သို့ ဘုရားဖူးလာစဉ် မန်းရွှေစက်တော်နယ်မြေ ရတနာကံမြင့် ဘုန်ကြီးကျောင်းတွင် တည်းခိုခဲ့ကြကြောင်း၊ ဦးအောင်ထိုက်၏သားဖြစ်သူ မောင်သန်းထက် (၁၆)နှစ်သည် မတ် ၂၂ ရက်၊ ညနေ ၄ နာရီခန့်တွင် ၎င်းတို့ တည်းခိုသည့်ဘုန်းကြီးကျောင်းအနီးရှိ မန်းချောင်း(တရုတ်ဝဲ)တွင် အဖော်များနှင့် ရေချိုးနေစဉ် ရေနစ်သွားခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် ၎င်းနှင့်အတူပါလာသည့် အဖော်များကသိရှိပြီးနောက် ဘုန်းကြီးကျောင်းသို့ ပြန်ကာ မောင်သန်းထက် ရေနစ်နေကြောင်း အသိပေးရာမှ ၎င်း၏မိသားစုများ၊ မြန်မာနိင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် အနီးရှိ ဘုရားကျေးရွာလူငယ်များက ဝိုင်းဝန်းရှာဖွေရာ မတ် ၂၂ရက် ညနေ ( ၅ နာရီ ၃ဝ မိနစ်)ခန့်တွင် မောင်သန်းထက်အား မန်းချောင်း၊ တရုတ်ဝဲတွင် ရေနစ်သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ရေနစ်သေဆုံးသူ မောင်သန်းထက်အား စကုမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စကုနယ်မြေရဲစခန်းကမှ သေမှုသေခင်း ဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က အမျိုးသားတစ်ဦး သီတာရေစဉ်တည်းကျောင်းအနီး မန်းချောင်းတွင် ရေနစ်သေဆုံးသွားခဲ့ပြီး ယမန်နှစ်က မန်းရွှေစက်တော်ဘုရားပွဲကာလ ၌ မန်းချောင်းတွင် ရေနစ်သေဆုံးသူ ၃ ဦး ရှိခဲ့သည်။ ရေနစ်သေဆုံးမှုများမရှိစေရန် ယခုနှစ်တွင် မန်းချောင်း ရေတိမ်ပြီး ရေဝဲများ မရှိအောင် ဆောင်ရွက်ထားသည် ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly