ကျောက်သယ်ယာဉ်များကြောင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် အသိပညာပေး ဟောပြော

ကျောက်သယ်ယာဉ်များကြောင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် အသိပညာပေး ဟောပြော
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၂၂ ။    ။ ကျောက်သယ်ယာဉ်များကြောင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပွားစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ကျောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များ၊ကျောက်သယ်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးအတွက် အသိပညာ ပေးဟောပြောပွဲကို မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ထုံးဘိုလမ်းခွဲအနီးရှိ ဧကရီစံခန်းမတွင် မတ်လ ၂၂ ရက်၊ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် အမှတ် ၈၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီး)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်အောင်၊ပုသိမ်ကြီးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ဌေးဦး၊မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၊လမ်း တံတားဆိုင်ရာ သိမှတ်ဖွယ်များနှင့်ဥပဒေများစသည်တို့ကို ဟောပြောခဲ့ကြသည်။

ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် ကျောက်သယ်ယာဉ်မောင်းများ ခေါ်ယူ ရာတွင် လိုင်စင်ရှိ ကျွမ်းကျင်သည့် ယာဉ်မောင်းများကိုသာ ခေါ်ယူခိုင်းစေရန် ကျောက်များ သယ်ဆောင် ရာတွင်လည်း သတ်မှတ်ထားသည်ထက် ပိုတင်ဆောင်ခြင်းမပြုရန်တို့ကို ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ် သည်ဟု ဒုရဲမှူး ကျော်ကျော်အောင် ကပြောသည်။

ကျောက်များသယ်ဆောင်ပါက လုံခြုံစွာ ဖုံးအုပ်သယ်ဆောင်ရန်၊ ကျောက်သယ်ယာဉ်များအနေဖြင့် ညာဘက်မှ ကပ်၍ ပုံမှန်သာမောင်းနှင်သွားလာရန်နှင့် စည်းကမ်းမလိုက်နာသည့် ယာဉ်များကို အရေးယူသွားရန် အသိပေး ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required