တရုတ်နိုင်ငံသို့ သီးနှံ ၈မျိုး တရားဝင် ထပ်မံတင်ပို့နိုင်ရန် တင်ပြထား

တရုတ်နိုင်ငံသို့ သီးနှံ ၈မျိုး တရားဝင် ထပ်မံတင်ပို့နိုင်ရန် တင်ပြထား

ရန်ကုန်၊ မတ် ၂၂ ။    ။ တရုတ်နိုင်ငံသို့ သီးနှံ ၈မျိုးအား G to G စနစ်ဖြင့် တင်ပို့နိုင်ရန် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများကို တင်ပြထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း (MFVP)မှ သိရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေး၊ သရက်၊ ဇီးသီး စသည်တို့ကို မြန်မာနိုင်ငံ မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားဝင် တင်ပို့နေပြီး သီးနှံ ၈မျိုးကို တရားဝင်ထပ်မံ တင်ပို့ခွင့်ရရန် အစိုးရကို တင်ပြ ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ ရောင်းချ သူများအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် ကပြောသည်။

"အရင်တုန်းကတော့ ဖရဲ၊ သခွားတို့ ဘာတို့ပဲရှိတာပေါ့။ အခုဆို တစ်ခြားသီးနှံတွေအများကြီးထွက် လာတယ်။ သရက်ကလည်း ထွက်သလို ထောပတ်သီးတွေ အများကြီးထွက်လာတယ်။ ကျွဲကောသီး တွေရှိလာတယ်။ နာနတ်သီးတွေ ရှိလာတယ်။ ဒါတွေကျတော့ သူက AQSIQ အရ ခွင့်မပြုထားတဲ့အတွက်ကြောင့် ဘာဖြစ်လဲ ဆိုတော့ ပို့လို့မရဘူး။ ပို့လို့ရှိရင် သူတို့က ဖမ်းမယ်ဆို ဖမ်းလို့ရတယ်။ အခု တရားမဝင်လမ်းကြောင်းက သွားနေ တယ်ပေါ့။ မသွားဘူးတော့မဟုတ်ဘူး။ သွားတော့သွားနေတယ်။ ဒါပေမယ့် ပေါ်ပေါ်တင်တင်နဲ့ သွားလို့ရတာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် တင်ပြထားတယ်။ သီးနှံ ၈မျိုးကို ထပ်ပြီးတင်ထားတယ်" ဟု ဦးစိုးသန်းမင်းဒင် ကပြောသည်။

ထောပတ်သီး၊ ကျွဲကောသီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ သံပရာ၊ ဝဥ၊ ပိန္နဲသီး၊ မက်ကဒေးမီးယား စသည့် သီးနှံ ၈မျိုးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရန်တင်ပြထားပြီး မူဆယ်၊ ရွှေလီ နယ်စပ်ကုန်သွယ်ရေး တစ်ခုတည်းမှ မဟုတ်ဘဲ ကန်ပိုက်တီး၊ လွယ်ဂျယ်စသော တရုတ်နိုင်ငံနှင့် စပ်ဆက် သည် ဂိတ်ပေါက်များမှ တင်ပို့ခွင့်ရရန် သက်ဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ကို တင်ပြထားကြောင်း သိရသည်။

"တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို လာမယ့်နှစ်ဆိုရင် ဖရဲ၊ သခွားတန်ချိန် ၁သန်းလောက် ပို့ရမှာ ဖြစ်ပါတယ်။ တန်ချိန် ၁သန်းကလည်း အများဆုံးက ဖရဲ၊ သခွားပါ။ သရက်လိုဟာမျိုးကတော့ သိပ်များလှ တယ် မဟုတ်ဘူး။ သို့သော် တစ်နှစ်တာအတွင်းမှာ တန်ချိန် ၁သန်း ယူနန်ဘက် မူဆယ်ဘက် လမ်း ကြောင်းသွားရမယ်ဆိုတာ ၄လလောက်အတွင်းမှာ တန်ချိန် ၁သန်းသွားနိုင်တဲ့ ကားတွေ လမ်းကြောင်း တွေလည်း ကောင်းဖို့လိုအပ် ပါတယ်။ Logiest အပိုင်းအနေနဲ့ အတော်ပဲ လိုအပ်ပါတယ်" ဟု ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ ၂၅ကြိမ်မြောက် အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောကြားခဲ့သည်။

လက်ရှိ ထပ်မံတင်ပို့မည့် သီးနှံများအတွက် စံချိန်စံညွှန်းများကို ရေးဆွဲထားပြီးဖြစ်ကာ အမျိုးသားစံချိန် စံညွှန်းကောင်စီမှလည်း သီးနှံ ၅မျိုးကို အသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းမှ တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားကို အဓိကအများဆုံးတင်ပို့နေပြီး နှစ်စဉ် တန်ချိန် ၇ သိန်းကျော် တင်ပို့နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP)မှ သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required