မဲခေါင်ပြင်ပနိုင်ငံများနှင့်ပါ ချိတ်ဆက်၍ လူကုန်ကူးမှုအား တိုက်ဖျက်နိုင်ရေးဆွေးနွေး

မဲခေါင်ပြင်ပနိုင်ငံများနှင့်ပါ ချိတ်ဆက်၍ လူကုန်ကူးမှုအား တိုက်ဖျက်နိုင်ရေးဆွေးနွေး

အောက်တိုဘာ ၃ ရက် ။            ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းနှင့် ကုလလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဒေသတွင်းစီမံကိန်းမန်နေဂျာအဖွဲ့နှင့် တွေ့ဆုံစဉ် မဲခေါင်ဒေသတွင်းမှ နိုင်ငံများနှင့် သာမက မဲခေါင်ပြင်ပနိုင်ငံများနှင့်ပါ ချိတ်ဆက်၍ လူကုန်ကူးမှုအား တိုက်ဖျက်နိုင်ရေးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြိုကအခြေစိုက် ကုလလူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု စီမံချက် UN-ACT မှ ဒေသတွင်းစီမံကိန်းမန်နေဂျာ Ms Kaori Kauarabayachi နှင့်အဖွဲ့အား အောက်တိုဘာ ၂ ရက်တွင် ရဲချုပ်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

UN-ACT သည် UNIAP ၏မဲခေါင်ဒေသတွင်းလူကုန်ကူးမှုတိုက်ဖျက်ရေးကုလစီမံကိန်း နောက်ဆက်တွဲတစ်ခုဖြစ်သည်။ မဲခေါင်ဒေသတွင်းနိုင်ငံများမှာ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တို့ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားလူကုန်ကူးခံရသူများရောက်ရှိနေမှုသည် မဲခေါင်ပြင်ပနိုင်ငံများနှင့်ပါ ချိတ်ဆက်ရန် အကြောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမှောင်ခိုလူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းကော်မတီကို ၂၀၀၂ ခု ဇူလိုင်လအတွင်း ဖွဲ့စည်းခဲ့သည်။ ၂၀၀၄ ခုတွင် အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသ ၆ နိုင်ငံ၊ သြစထြေးလျနိုင်ငံ တို့နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခဲ့သည်။ ၂၀၀၅ ခုတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကိုပြဌာန်းခဲ့သည်။

လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင်ရေး နှင့် တရားစွဲဆိုရေးကိစ္စများနှင့်ပတ်သက်၍ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့သည်ဟု စက်တင်ဘာ ၁၃ ကကျင်းပသည့် မြန်မာနိုင်ငံလူကုန်ကူးမှုအခန်းအနား၌ ဒုတိယသမ္မတဦးဉာဏ်ထွန်းကပြောသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ၅ နှစ်စီမံကိန်းကို ၂၀၀၇ ခုမှစတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်သည် ၂၀၁၂-၂၀၁၆ ဒုတိယ ငါးနှစ်စီမံကိန်း၏ စတုတ္တအဆင့်ဖြစ်သည်ဟုလည်းဆိုသည်။

အောက်တိုဘာ ၂ ရက်နေ့ UN-ACT နှင့် ဆွေးနွေးပွဲ၌ ပြည်တွင်းလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ဆက်စပ်၍ အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းရည်မြှင့်တင်ပေးပြီး ပူးပေါင်းဆောင်ရွက်လာနိုင်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအား လေ့လာစောင့်ကြည့်အကဲဖြတ်ရေးစနစ် ထူထောင်ရေးတို့လည်း ဆွေးနွေးကြပြီး ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်း တို့လည်း တက်ရောက်သည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags