လူကုန်ကူးခံနေရသော အမျိုးသမီးများအရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ တရုတ်အစိုးရ နှင့် KIA သို့ တိုက်တွန်း

လူကုန်ကူးခံနေရသော အမျိုးသမီးများအရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ တရုတ်အစိုးရ နှင့် KIA သို့ တိုက်တွန်း
ဓာတ်ပုံ- သက်ကို

ရန်ကုန်၊ မတ် ၂၂ ။     ။ တရုတ်နိုင်ငံရှိ မိသားစုများထံသို့ ကချင်နှင့်ရှမ်းမြောက်ဒေသမှ အမျိုးသမီးများအား လူကုန်ကူးခံနေရမှု အပေါ် ပူးပေါင်းတားဆီးဆောင်ရွက်ရေးနှင့် လုပ်ဆောင်သင့်သည်များကို  မြန်မာအစိုးရ၊ တရုတ်အစိုးရနှင့် KIA သို့ လူအခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့HRW မှ အကြံပြုတိုက်တွန်းလိုက်သည်။

“ ငါတို့ကို ကလေးတစ်ယောက်ပေးရင် မင်းကို လွှတ်ပေးမယ်” အမည်ရှိ အစီရင်ခံစာတစ်စောင်ကို  မတ်လ ၂၁ ရက်က HRW မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဒုက္ခသည်စခန်းများရှိ ကချင်အမျိုးသမီးများအခြေအနေနှင့် တရုတ်ပြည် ဘက်မှ ပြန်ရောက်လာသော အမျိုးသမီးများအကြောင်း အသေးစိတ်မှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။

ဆွေမျိုးများကိုယ်တိုင် တရုတ်ပြည်သို့ သတို့သမီးအဖြစ် ရောင်းချခဲ့ကြခြင်းကဲ့သို့သော အခြေအနေမျိုး ပါရှိပြီး  အတင်းအဓမ္မပေါင်းသင်းခြင်းခံရကာ ကလေးမွေးပြီးပါက ပြန်လွှတ်မည်ဟု ပြောဆိုခဲ့သော်လည်း အမျိုးသမီးများက ကလေးကိုပါ ခေါ်ဆောင်ထွက်ပြေးခဲ့ကြသည်။ သို့ရာတွင် အများစုက ကလေးကို ပြန်မခေါ်နိုင်ကြဘဲ လက်လွတ်ထွက်ပြေးခဲ့ကြရသည်များ ရှိနေပြီး အလုပ်ကြမ်းလုပ်ခိုင်းခြင်းများပါ ကြုံတွေ့ခံစားခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အများစုက အလုပ်အကိုင်ရမည်ဆိုသော မျှော်လင့်ချက်ဖြင့် ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး ယင်းမှ ထွက်ပြေး လွတ်မြောက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက အဆိုပါနေရာသို့ ပြန်တွန်းပို့သော အခြေအနေမျိုး ပြန်ကြုံရသည်ဟု ဒုက္ခည်သည်စခန်းရှိ ကချင်အမျိုးသမီးများက ဆိုသည်။

HRW မှ တွေ့ဆုံမေးမြန်းခဲ့ရာ အမျိုးသမီးများမှာ အဆိုပါနေရာများမှ လွတ်မြောက်ခဲ့သူများ ဖြစ်ပြီး အများစုမှာ KIA နှင့်တပ်မတော်ကြား စစ်ပွဲဖြစ်ပွားရာ ဒေသများမှ ဖြစ်သည်။ အမျိုးသားများက ပဋိပက္ခတွင် ပါဝင်နေသော ကြောင့် အမျိုးသမီးအများစုက တရုတ်ပြည်နယ်စပ်ဖြတ်ကာ မိသားစုအတွက် ပံ့ပိုးနေရကြောင်း ပါရှိသည်။ ထိုအခြေအနေအပေါ် လူကုန်ကူးသူများက အမြတ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု HRW က ဆိုသည်။

ဇနီးမယားဟု ခေါင်းစဉ်တပ်ကာ လိင်ကျွန်အဖြစ် ရောင်းချရန်စီစဉ်ခြင်းလည်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာ အမျိုးသမီး ၂၂၆ ဦး တရုတ်သို့ လူကုန်ကူးခံရကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ စာရင်းများအရ သိရသည်။

အဆိုပါ မြန်မာအမျိုးသမီးများကို အမေရိကန် ဒေါ်လာ ၃၀၀၀ နှင့် ၁၃၀၀၀ အကြား ငွေဖြင့် မိတ်ဆွေ၊ ဆွေမျိုးများ ကိုယ်တိုင် ရောင်းချခဲ့ကြခြင်းဖြစ်ပြီး အဆိုပါငွေကို တရုတ်မိသားစု အများစုက တင်တောင်ကြေး သဘောဟု ယူဆကြသော်လည်း လူကုန်ကူးမှုဟု သိပါကလည်း မိန်းကလေးများကို ပြန်လွှတ်လေ့ မရှိကြောင်း တွေ့ရှိရသည်ဟု ပါရှိသည်။

မြန်မာအစိုးရနှင့်တရုတ်အစိုးရအနေဖြင့် လူကုန်ကူးခံရသူများကို ကူညီရေး၊ ကျူးလွန်သူများနှင့် ဝယ်ယူသူများ ကို စုံစမ်း၍ အရေးယူခြင်းများကို ပါဝင်သင့်ကြောင်း၊ နှစ်နိုင်ငံဝန်ကြီးအဆင့် ညှိနှိုင်းထားသော လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိရောက်မှုရှိစွာ အကောင်အထည်ဖော်ရေး၊ နယ်စပ်အလုပ်အကိုင်များ တရားဝင် လမ်းကြောင်း ဖြစ်ရေး၊ လူကုန်ကူးမှုတိုင်ကြားမှုများအား အလျင်အမြန်နှင့်သင့်တော်စွာ တုံ့ပြန်ရန် ရဲတပ်ဖွဲ့အား ညွှန်ကြားရန်၊ လူကုန်ကူးခံရသူများအား မကူညီသော၊ ပိုက်ဆံတောင်းသောအရာရှိများအား အရေးယူရန်၊ နှစ်နိုင်ငံရဲများ ပူးပေါင်းဆောင်ရွက်ရန်၊ ဘာသာပြန်ဝန်ဆောင်မှုထားရှိရန် ၊ လူကုန်ကူးခံရသူ အမျိုးသမီးများ အတွက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ ထားရှိရန်၊ ကလေးများပြန်ရယူရေး ဆောင်ရွက်ပေးရန်တို့ ပါရှိသည်။

မြန်မာအစိုးရသို့ IDPs စခန်းများရှိ အမျိုးသမီးများ၏ ပညာရေးနှင့်အန္တရာယ်များကို ဂရုပြုရန်၊ လူကုန်ကူး နှိမ်နင်းရေးအတွက် လိုအပ်သည်များအား ရဲတပ်ဖွဲ့ကို ပံ့ပိုးရန်၊ လူကုန်ကူးခံရသူများအား ဖယ်ကြဉ်ခြင်းများ မပြုလုပ်ရေးအတွက် လူမှုအသိုင်းအဝိုင်းအား ပညာပေးရန် တို့ အကြံပြုတိုက်တွန်းထားသည်။

တပ်မတော်နှင့်ပတ်သက်ပြီး အထောက်အပံ့များပေးပို့ရာတွင် ချောမောမှုရှိစေရန်နှင့် လူအခွင့်အရေး ချိုးဖောက်မှု ရှိပါက တာဝန်ရှိသူတို့ကို တာဝန်ခံစေရေးအတွက် တိုက်တွန်းထားပြီး KIO သို့လည်း အပစ်ခတ် ရပ်စဲရေးတွင် အမျိုးသမီးများအရေးနှင့် စစ်ဒဏ်ခံရသူများ၏ စားဝတ်နေရေးကိစ္စများ ပါဝင်နေသည်။ KIA (ကချင်လွတ်မြောက်ရေးတပ်)ကိုလည်း လူကုန်ကူးမှုအကူညီပေးအဖွဲ့များအား နယ်မြေအတွင်း ပံ့ပိုးပေးရန် တို့ အကြံပြုချက်တွင် HRW မှ ပါဝင်နေသည်။

ထို့ပြင် ကချင်အမျိုးသမီးအသင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများသို့လည်း ဆောင်ရွက်ပေးရန်ရှိသည်များကို တိုက်တွန်းထားသည်။

လက်ရှိတွင် မြန်မာအစိုးရ၏ လူမှုဖူလုံရေးမှ ၁၀၀ နှင့် ၂၀၀ ဦးရေကြားရှိ ပြန်လွတ်မြောက်လာသော မြန်မာ အမျိုးသမီးများကို ထောက်ပံနေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် “ တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက်” မူဝါဒဖြင့် လူဦးရေထိန်းချုပ်ရန် ကြိုးပမ်းနေပြီး သားယောကျာ်းလေးကိုသာ နှစ်သက်သော တရုတ်မိသားစုများက သန်း ၃၀ မှ ၄၀ ကြားရှိသော မိန်းကလေး သန္ဓေသားများကို ဖျက်ချခဲ့ကြခြင်းကြောင့် လက်ရှိ တရုတ်နိုင်ငံတွင် အမျိုးသမီးလိုအပ်ချက် မြင့်မားနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required