တီမောနှင့်ပွဲတွင် ဒဏ်ရာရခဲ့သော ယူ-၁၉ ဂိုးသမား ဘုန်းသစ္စာမင်း ဟောင်ကောင်နှင့်ပွဲတွင် ပြန်ပါ၀င်နိုင်မည်

တီမောနှင့်ပွဲတွင် ဒဏ်ရာရခဲ့သော ယူ-၁၉ ဂိုးသမား ဘုန်းသစ္စာမင်း ဟောင်ကောင်နှင့်ပွဲတွင် ပြန်ပါ၀င်နိုင်မည်
ဘရူနိုင်းအသင်းနှင့်ပွဲတွင် ပွဲထွက်ပါ၀င်ကစားခဲ့သော ဂိုးသမား ဘုန်းသစ္စာမင်း (အလယ်) အားတွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

အောက်တိုဘာ ၃၊ ရန်ကုန်။               ။ အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေသည့် မြန်မာ ယူ-၁၉ အသင်းမှ အဓိကဂိုးသမား ဘုန်းသစ္စာမင်းသည် တီမောအသင်းနှင့်ပွဲတွင် ဒဏ်ရာရခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း ပြန်လည်သက်သာ၍ ဟောင်ကောင်အသင်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည် ဟု မြန်မာ ယူ-၁၉ အသင်း မီဒီယာတာဝန်ခံ ကိုရဲမင်းဝင်းက ပြောသည်။

ဘုန်းသစ္စာမင်းသည် မြန်မာ ယူ-၁၉ အသင်းတွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲမှ စတင်ကာ ပွဲထွက်ဂိုးသမားအဖြစ် ပွဲစဉ်တိုင်း ပါဝင်ကစားခဲ့ပြီး ပြီးခဲ့သည့် တီမောအသင်းနှင့်ပွဲတွင် ပွဲအစ ၇ မိနစ်၌ တစ်ဖက်ရှေ့တန်း ကစားသမားနှင့် ထိခိုက်မိကာ ညာဘက်မျက်လုံးဒဏ်ရာရ၍ ဆေးရုံသို့ ချက်ချင်းပို့သကာ ကုသမှု ခံခဲ့ရသည်။

ဘုန်းသစ္စာမင်း၏ ဒဏ်ရာအနေအထားနှင့် ပတ်သက်၍ “ ဘုန်းသစ္စာမင်း ဒဏ်ရာက သက်သာနေပါပြီ။ ဖြစ်ဖြစ်ချင်းတော့ တစ်ဖက်ရှေ့တန်းနဲ့ ဘောလုံးကို ထွက်ဖမ်းရင်း သူ့မျက်လုံးက   တော်တော်ခိုက်မိသွားတာ။ ဘောလုံးတွေလည်း ကောင်းကောင်းမမြင်ရတော့ဘူးတဲ့။

ချက်ချင်းဆေးရုံပို့ပေးခဲ့ပြီး ဆေးရုံမှာ စမ်းသပ်ကုသလိုက်တော့ အခုတော့ ကောင်းနေပါပြီ။ ဘာမှ မဖြစ်တော့ပါဘူး။ ဒီညနေ လေ့ကျင့်ရေးအစီအစဉ်မှာတော့ မပါခိုင်းသေးပါဘူး။ နားခိုင်းထားပါတယ်။ လာမယ့် ဟောင်ကောင်ပွဲမှာတော့ ပြန်ပါဝင်ကစားနိုင်မှာပါ ” ဟု ကိုရဲမင်းဝင်း က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) တွင် နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ဖြင့် ရမှတ် လေးမှတ် ရရှိထားကာ စက်တင်ဘာ (၄) ရက် ည ၆း၃၀ တွင် ဟောင်ကောင် ယူ-၁၉ အသင်းနှင့် အုပ်စု တတိယ ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly