အွန်လိုင်းစနစ်သုံး ကုန်စည်ပို့ကုမ္ပဏီအား ကျပ်သိန်း ၂၀၀၀ အပေါင်ပစ္စည်းမဲ့ချေးငွေကို ရိုးမဘဏ်မှ ပေးအပ်

အွန်လိုင်းစနစ်သုံး ကုန်စည်ပို့ကုမ္ပဏီအား ကျပ်သိန်း ၂၀၀၀ အပေါင်ပစ္စည်းမဲ့ချေးငွေကို ရိုးမဘဏ်မှ ပေးအပ်

မတ် ၂၁ ။           ။ ကျပ် သိန်း ၂,၀၀၀ တန်ဖိုးရှိ အသေးစား၊ အလတ်စားလုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေတစ်ရပ်ကို Online စနစ်သုံး  ကုန်စည်ဖြန့်ဖြူးသယ်ယူပို့ဆောင်မှု ဝန်ဆောင်ပေးသော ကုမ္ပဏီ ဖြစ်သည့် Kargo အား ရိုးမဘဏ်မှ ပေးအပ်ခဲ့သည်။

အဆိုပါ အပေါင်ပစ္စည်းမဲ့ချေးငွေဝန်ဆောင်မှု သဘောတူညီချက်ကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ရိုးမဘဏ် နှင့် Kargo အကြား လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ချေးငွေကြောင့် Kargo သည် ကုန်တင်ကားယာဉ်မောင်းများအား ဝန်ဆောင် လုပ်အားခပေးချေခြင်းကို တစ်နေ့တည်းတွင် ပေးချေနိုင်မည့်အပြင် အသုံးပြုသူ Customer များ ပိုမိုများပြားလာစေရန်အတွက်လည်း လုပ်ဆောင်နိုင်မည်ဖြစ်ကာ ၎င်းတို့၏ ငွေတောင်းခံလွှာများကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲနို်င်မည်  ဖြစ်သည်ဟု မတ်လ ၂၁ ရက်က ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အပေါင်ပစ္စည်းမဲ့ချေးငွေဆိုတာ လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ လည်ပတ်မှုပေါ် မူတည်ပြီး ထုတ်ချေးတဲ့  ချေးငွေ အမျိုးအစားတစ်ခုဖြစ်တာကြောင့် ဒါဟာ အသေးစားလုပ်ငန်းတွေအတွက်   ရှေရှည်တိုးတက်နိုင်ဖို့  ရိုးမဘဏ်အနေနဲ့ ပံ့ပိုးပေးတဲ့ ပထမဆုံးချေးငွေအမျိုးအစားလည်း ဖြစ်ပါတယ်။ Kargo လို နည်းပညာအသုံးချ ဆန်းသစ်တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း အမျိုးအစားလုပ်ငန်းတွေ စျေးကွက်ထဲမှာ ဆက်လက်ရပ်တည် တိုးတက်လာဖို့ ရိုးမဘဏ်က မျှော်လင့်ပါတယ်”  ဟု ရိုးမဘဏ်၏ စီအီးအို Hal Bosher က ပြောသည်။

ယခု လက်မှတ်ရေးထိုးခဲ့သော အသေးစား၊ အလတ်စားလုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေသည် ဗဟိုဘဏ်၏ အသေးစား၊ အလတ်စားလုပ်ငန်းများ(SMEs)အတွက် အပေါင်ပစ္စည်းမဲ့ချေးငွေ ဆိုင်ရာ ထုတ်ပြန်ချက်များ ကြေညာပြီး နောက် SMEs လုပ်ငန်းကဏ္ဍအတွက် ရိုးမဘဏ်မှ ပထမဆုံးပေးအပ်သည့် အပေါင်ပစ္စည်းမဲ့ချေးငွေ ဖြစ်သည်။

“ ယခု ရိုးမဘဏ်ရဲ့ ပံ့ပိုးကူညီတဲ့ ဒီချေးငွေနဲ့အတူ Kargoက  လုပ်ငန်းတွေကို တိုးချဲ့နိုင်မှာ ဖြစ်ပြီး ယာဉ်မောင်းတွေရဲ့ ဝင်ငွေတွေ တိုးတက်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု Kargo ၏ တည်ထောင်သူနှင့် CEO ဖြစ်သူ Alex Wicks က ပြောသည်။

၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Kargo သည် တစ်နိုင်တစ်ပိုင်ယာဉ်မောင်းများ ၊ ကုန်တင်ကားပိုင်ရှင်များ နှင့် 3PLs နှင့် Logistic ကုမ္ပဏီများ လိုအပ်သည့် ယုံကြည်စိတ်ချရပြီး ကုန်ပစ္စည်း ဖြန့်ဖြူးမှုကို ခြေရာခံနိုင်သည့် စနစ်များနှင့် မြန်မာတစ်နိုင်ငံလုံးကို ကုန်ပစ္စည်းများ ဖြန့်ဖြူးနေသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး Online စနစ်သုံး  သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့်  ကုမ္ပဏီ တစ်ခုဖြစ်သည်။

ယင်းကုမ္ပဏီသည် ရန်ကုန်နှင့် နီးစပ်ရာဒေသတွင်းရှိ ကုန်တင်ကားယာဉ်မောင်း ၂,၀၀၀ နီးပါးကို ချိတ်ဆက်ထားပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ နှင့် ကော်ပိုရိတ် လုပ်ငန်းကြီးများ အတွက် ကုန်စည်သယ်ယူပို့ဆောင်ခြင်း ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပို့ဆောင် နေသည့် Online စနစ်သုံးကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခုလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် Kargo သည် စင်ကာပူအစိုးရ၏ Startups SG ဆု ရရှိခဲ့ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀  ရရှိခဲ့ကာ Echelon top 100 Start-up Competition တွင် “Best Logistics and Supply Chain Startup” ဆု ကို ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly