သဘာဝတောကျန်များမှ ထွက်ရှိသည့် ထင်း ၅ ဒဿမ ၇ တန်ကို ဒေသခံများသို့ ပေးအပ်

သဘာဝတောကျန်များမှ ထွက်ရှိသည့် ထင်း ၅ ဒဿမ ၇ တန်ကို ဒေသခံများသို့ ပေးအပ်

မင်းဘူး၊ မတ် ၂၁ ။           ။ သဘာဝတောကျန်ဧရိယာများရှိ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှ ထွက်ရှိသော ထင်း ၅ ဒဿမ ၇ တန်ကို ဒေသခံ အိမ်ထောင်စု ၁၁ စုအား မတ်လ ၂၀ ရက်က မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန မှ ပေးအပ်ခဲ့သည်။

"ကျွန်တော်တို့ လေးပင်-အိုင်းမကြိုးပြင်ကာကွယ်တောမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်(တတိယနှစ်) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း ၁၀၀၀ ဧက ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှထွက်ရှိသော ထင်း ၅.၇ တန်ကို ဒေသခံကျေးရွာဖြစ်တဲ့ တဲကုန်းကျေးရွာမှ အိမ်ထောင်စု ၁၁ စုကို ပေးအပ်ခဲ့တာပါ၊ သစ်တောထိန်း သိမ်းစောင့်ရှောက်နည်းတွေကိုလည်း အသိပညာပေး ဟောပြောခဲ့ပါတယ်၊ ယခုလို ဆောင်ရွက်တဲ့အတွက် သစ်တောပြုန်းတီးမှုကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်မှာဖြစ်ပြီး ရာသီဥတုမှန်လာမှာ ဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ယာထွက်သီးနှံတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်" ဟု မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန(သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဦးစီးအရာရှိ ဦးဝင်းဘိုက ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်(တတိယနှစ်) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဧက ၁၀၀၀ တွင် ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှ ထွက်ရှိသောထင်းများအား သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေး ရည်ရွယ်ပြီး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရွာကနေ မနက်က လှည်း ၁၀ စီးနဲ့ ထင်းတွေ လာရောက်ထုတ်ယူကြတာပါ၊ ယခုလို ထင်းတွေ အခမဲ့ ဖြန့်ဝေပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်"ဟု ထင်းလာရောက်ယူဆောင်သည့် ဒေသခံပြည်သူ တစ်ဦးက ပြောသည်။

ထိုသို့ပေးအပ်ခြင်းပြုလုပ်ရခြင်းမှာ ဒေသခံများ ထင်းအတွက် သစ်တောများ ခုတ်ခြင်းမှ သစ်တောများ ပြုန်းတီးမှုကို ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သိရပြီး သစ်တောပြုန်းတီးမှုကာကွယ်ရန် အသိပညာ ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သစ်တော ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းဆိုသည်မှာ ကိုင်းတက်ချိုင်ပေးခြင်း၊ ပင်ပူးများခွာခြင်း၊ အောက်ခြေ ပေါင်းရှင်းခြင်း၊ နွယ်ဖြတ်ခြင်းလုပ်ငန်းများ၊ ငုတ်ဟောင်း၊ ငုတ်ပျက်များ ချွန်သပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပြီး ယင်းလုပ်ဆောင်မှုကြောင့် ထင်းအဖြစ် ပြန်လည်ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ထင်း ၈ ဒဿမ ၃၁ တန်ကို သီးကုန်းကျေးရွာနှင့် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ယာတဲစုများတွင် နေထိုင်သော မိသားစုများထံသို့ ပေးဝေခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly