ပြာရီမှိုင်းကာမို့မို့ တောင်ကုန်းများနဲ့ မှော်ဝင်ပန်းများ

ပြာရီမှိုင်းကာမို့မို့ တောင်ကုန်းများနဲ့ မှော်ဝင်ပန်းများ

ချင်းပြည်နယ် ကန်ပက်လက်ဒေသ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေဖို့ဆိုရင် အဲဒီဒေသ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပမ်းဆက်သွယ်ရေး၊ လုံခြုံရေးနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်များ စံနစ်တကျပြုစုထုတ်ပြန်ရေးဟာ အရေးအကြီးဆုံး ဦးစွာပထမ ဆောင်ရွက်ရမယ့်အချက်တွေဖြစ်တယ်လို့ ကျနော်နဲ့အတူ ခရီးသွားဖေါ်ဖြစ်တဲ့ ကိုအောင်သူငြိမ်းက ပြောပါတယ်။

သူပြောတာ မှန်ပါတယ်။ ကျနော်တို့လူသိုက် ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကိုရောက်လာတဲ့အခါ နာမည်ကျော်် ခေါ်နူးဇုမ်တောင်ကိုတက်ဖို့ရောက်လာကြတဲ့အခါ တွေ့ရကြုံရတဲ့အခက်အခဲကတော့ ခေါ်နူးဇုမ်တောင်နဲ့ပတ်သက်တဲ့ မဖြစ်မနေ သိရှိထားဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေက လက်လှမ်းမီအောင် ဖြစ်ခဲ့ပါတယ်။  အင်တာနက် အွန်လိုင်းမီဒီယာနဲ့နီးစပ်ကြသူတွေဖြစ်လို့ ဟိုတစ်စဒီတစ်စ လိုက်ကောက်ရ မေးရမြန်းရနဲ့ အချက်အလက်တချို့ ရခဲ့တာပါ။ ဒါကလည်း ပုဂ္ဂလသဘော ရေးကြသားကြတဲ့အချက်အလက်တွေကို လိုက်စုခဲ့ကြရတာပါ။ တကယ်ဖြစ်သင့်တာကတော့ အဲဒီဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် တာဝန်ရှိသူများ တာဝန်ရှိတဲ့ဌါနများကိုယ်တိုင်က သတင်းအချက်အလက်တွေကို အခိုင်အမာ ကျယ်ကျယ်ပြန့်ပြန့် တရားဝင်ထုတ်ပြန်တဲ့နည်းဟာ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

ကျနော်တို့လူစု ကန်ပက်လက်ကိုရောက်တဲ့အခါ ခေါ်နူးဇုမ်တောင်ကို ဘယ်လမ်းကသွားရမယ်၊ ကားကို ဘယ်အထိမောင်းလို့ရမယ်၊ ဘယ်လောက်ဝေးမယ်၊ အချိန်ဘယ်လောက်ကြာနိုင်မယ်၊ တည်းခိုဖို့နေရာ ရှိ မရှိ၊ လမ်းပမ်းအခြေအနေ။ အဲဒါတွေကို ဒေသခံတွေဆီက မေးရမြန်းရ စုဆောင်းကြရပါတယ်။ လူပြောသူပြော မရေရာမသေချာတဲ့သတင်းအချက်အလက်တွေပေါ် မဝံ့မရဲအားကိုးပြီးပဲ ခရီးဆက်ကြရတာပါ။

ဟော လမ်းခွပ်လပ် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၈၀၀၀)လောက်လည်း ရောက်ရော တယ်လီဖုန်းလိုင်းက မရတော့ပါဘူး။ ရတဲ့နေရာရ မရတဲ့နေရာမရတော့ပါဘူး။ တစ်ချက်တစ်ချက် ရပြန်တော့လည်း တယ်လီနောကပဲရသလိုလို၊ အမ်ပီတီပဲရသလိုလို တစ်ယောက်နဲ့တစ်ယောက် အချိန်တိုအတွင်း ညှိကြမေးကြရပါတယ်။ နောက်ထပ်အခက်အခဲကတော့ ရေပြဿနာပါပဲ။ လမ်းမှာ ရေသောက်ဖို့နေရာ စျေးဆိုင်၊ အိမ်၊ လူ လုံးဝမတွေ့ရတော့ပါဘူး။


ကျနော်တို့သိထားတာက ချင်းပြည်နယ် ကန်ပက်လက်ဒေသကို ကမ္ဘာလှည့်ခရီးသွားဒေသအဖြစ်သတ်မှတ်ပြီး ဒုသမ္မတစ်ဦးကိုယ်တိုင်က လာရောက်ဖွင့်လှစ်အားပေးသွားတယ်ဆိုတာရယ် ကျနော်တို့မရောက်လာခင် တစ်ပါတ်လောက်ကပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ခေါ်နူးဇုမ်တောင်ထိပ်အထိ လာတက်သွားတယ်(အမေက စိတ်နဲ့ဇွဲကတော့ အလာကြီးဗျ )ဆိုတဲ့သတင်း သိထားရတော့ အခုထက်ထိ အဲဒီသတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့့် တိတိကျကျ မထုတ်ပြန်သေးတာ အံ့သြနေ မိပါတယ်။

ထားပါတော့ ဒါကတော့ သွားရင်းလာရင်း ကျနော်တို့တွေးမိတာလေး တွေးမိိလို့ ထည့်ပြောတဲ့သဘောပါပဲ။ ကျနော်တို့ကတော့ အဲဒီအခက်အခဲလောက်ကို မမှုပါဘူးလို့ပဲပြောရမယ်ထင်ပါတယ်။ ဘာ သတင်းအချက်အလက်အပြည့်အစုံမရပေမယ့်လည်း မျက်စေ့ကန်းတစ္ဆေမကြောက် သွားခဲ့ကြတာပါ။

ကျနော်တို့တတွေ တောင်ဇလပ်ပန်းတွေကို မြင်ကြရပါပြီ။ စိတ်တိုင်းကျ နေရာရွေးပြီး သေသေချာချာ အချိန်ယူပြီး ဓါတ်ပုံရိုက်ကြရတာတော့မဟုတ်ပါဘူး။ ကျနော်က တောင်ဇလပ်ပန်းတွေကို အနားကပ်ပြီး ရိုက်ချင်ပေမယ့် တောင်ဇလပ်ပင်တွေက ကျနော်တို့ကို အနားအကပ်မခံပါဘူး။ သူတို့က ကားလမ်းနဲ့ မမှီမကမ်းတောင်စောင်းနဲ့ ချိုင့်ထဲမှာပဲ ပေါက်နေတာများပါတယ်။ လက်လှမ်းမမီ့တမီနေရာလောက်မှာပွင့်တာများပါတယ်။ သူတို့က သူတို့ကိုခူးမှာကြောက်လို့ တမင်ကိုပဲ လက်လှမ်းမမှီ့တမှီနေရာတွေမှာ ပွင့်နေကြတဲ့သဘောပဲဗျ လို့ ကိုသက်မှူးက အပြောင်အပျက်သဘောပြောပေမယ့် ကျနော်ကတော့ အဲဒီစကားကိုပဲ အတည်ယူမိပါတယ်။ တောင်ဇလပ်ပန်းတွေက အဲသလောက်အထိ သဝန်တိုတတ်တဲ့ပန်းပါပဲ။
တောင်ဇလပ်ပန်းတွေ သဝန်တိုမယ်ဆိုရင်လည်း တိုလောက်ပါတယ်။ ဒီပန်းတွေက ကျနော်တွေ့ဖူးသမျှ တောပန်းတောင်ပန်းတွေထဲ အထူးခြားဆုံးနဲ့ အလှပဆုံးပန်းဖြစ်တာကတော့ အမှန်ပဲဗျ။ သူ့အရောင်က နီရင့်ရင့်အရောင်ပါ။ အဆုပ်အခဲလေးတွေပွင့်တာပါ။ တစ်ပွင့်ချင်းပွင့်တာရှိသလို သုံးလေးပွင့်တိုးခွေ့စုစည်းပြီးလည်း ပွင့်ပါတယ်။ မြင်ရတဲ့သူ နောက်ထပ်မကြည့်ဘဲနေလို့မရလောက်အောင်ကိုပဲ ဆွဲဆောင်မှုအရှိဆုံးပန်းပါပဲ။ သစ်ပင်သစ်ကိုင်းနဲ့ ပတ်ဝန်းကျင်အနေအထား ရာသီဥတုအနေအထားကလည်း တောင်ဇလပ်ပန်းတွေကို ပန်းတကာရဲ့ဘုရင်ဖြစ်အောင် တမင်တွန်းပို့ပေးနေသလားပါပဲ။

တောင်ဇလပ်ပန်းတွေပွင့်တဲ့နေရာ ခတ်ဝေးဝေးကြည့်လို့ရတဲ့နေရာကိုလှမ်းကြည့်ရင် တော်စဉ်တောင်တန်းတွေရဲ့အလှက မဟာသဘာဝပန်းချီကားတွေလိုဖြစ်နေတဲ့အပြင် နေရောင်ခြည်အနေအထား တောင်တွေရဲ့အရောင်အဆင်းအနေအထား သစ်ပင်တွေရဲ့ဖွဲ့စည်းပုံ ဒါတွေကလည်း ထူးခြားဆန်းသစ်ပြီး အုံံ့ဆိုင်းကြစ်လစ်နေသလိုဖြစ်နေတာမို့ ကျနော်တို့ဟာ ဆန်းကြယ်တိတ်ဆိတ်တဲ့ မှော်ဝင်နယ်မြေတစ်ခုထဲ ရောက်လာကြရသလိုလည်း ခံစားခဲ့ကြရပါတယ်။
သတိပြုမိတဲ့အချက်က တောင်ဇလပ်ပန်းတွေက (အထူးသဖြင့် ) တမူထူးခြားတဲ့ တောင်ဇလပ်ပန်းတွေဟာ ပေ(၈၀၀၀)နဲ့ ပေ (၁၀၀၀၀)ကျော်အကြားမှာပဲ ပွင့်ကြတာဖြစ်တယ်ဆိုတာကိုတော့ ကျနော့်အနေနဲ့ ကောင်းကောင်းကြီး သတိပြုမိခဲ့ပါတယ်။

ပေ (၈၀၀၀) ကျော်လာလို့ ပေ (၁၀၀၀၀) အနီးကို ကပ်လာလေလေ အအေးဓါတ်က ပြင်းထန်လာလေလေ ကြုံကြရပါတယ်။ လေက ပိုပြိး ကျစ်လစ်သလိုရှိလာပါတယ်။ နေရောင်ခြည်တွေက အနည်းငယ်လုံးထွေးပြီး ပြာပြာမှိုင်းမှိုင်းဖြစ်လာပါတော့တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly