ကန်တော်ကြီးက ဆေးရောင်စုံ ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော်

ကန်တော်ကြီးက ဆေးရောင်စုံ ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော်

မတ် ၂၀ ၊ ရန်ကုန် ။           ။ ဆေးရောင်စုံမှုန့်များဖြင့် တစ်ယောက်ကို တစ်ယောက် သုတ်လိမ်းပေးတဲ့ဓလေ့၊ ရောင်စုံရေတွေ ပက်ဖြန်းတဲ့ ဓလေ့တွေနဲ့ ဟိန္ဒူရိုးရာဟိုလီသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့၊ ကန်တော်ကြီးအတွင်းက ကရဝိတ်မျှော်စင်ကျွန်းမှာ မတ်လ ၂၀ ရက်နေ့ နေ့လယ်က ကျင်းပခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းမှာ စတင်ကျင်းပလာတဲ့ သူတို့ရဲ့ ရိုးရာသင်္ကြန်ဟာ ဒီနှစ်မှာတော့ လေးကြိမ် တိုင်ခဲ့ပါပြီ။ ဟိႏၵဴ႐ုိးရာဟိုလီသင်္ကြန်ပွဲတော်ကို အခြားနေရာ အသီးသီးတွင်လည်း ကျင်းပပြုလုပ်လျှက်ရှိသည်။

အချင်းချင်း ရောင်စုံဆေးလိမ်းခြယ်ပေးပြီး ကိုယ့်ထက် အသက်ကြီးသူကို ဂါရဝါပြု၊ တစ်နှစ်တာအတွင်း ပြုခဲ့ဖူးတဲ့ အမှားတွေကို သည်းခံဖို့ တောင်းပန်မှုတွေကို ဟိုလီပွဲတော်မှာ ပြုလုပ်ကြတာပါ။

“ကျွန်တော် အပြင်ဘက်မှာ မိတ်ဆွေ သူငယ်ချင်းတွေ စီးပွားရေးပိုင်းမှာပဲဖြစ်ဖြစ် စိတ်ဝမ်းကွဲမှုတွေ ရှိခဲ့လို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက ်နားလည်သည်းခံ ခွင့်လွှတ်ပေးဖို့ ဒီဆေးမှုန့်လိမ်းပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကျေအေးတဲ့ သဘောပါ” ဟု ဟိန္ဒူရိုးရာဟိုလီသင်္ကြန်ပွဲတော် တာဝန်ရှိသူ ဦးကျော်သန်းဝင်းက ပြောပါတယ်။

ပွဲတော်ကို ဟိန္ဒူတွေတင်မကဘဲ တခြားသော မတူကွဲပြားတဲ့ ဘာသာဝင်တွေနဲ့ မြန်မာအပါအဝင် လူမျိုးစုတော်တော်များက လာရောက်ပြီး ပါဝင် ဆင်နွှဲကြတာ နှစ်စဉ်လိုလိုပါ။

ပွဲတော်အတွင်းမှာ ပြည်တွင်းမှ အဆိုအက ဖျော်ဖြေသူတွေတင်မကဘဲ အိန္ဒိယနိုင်ငံက အဆိုတော်များကပါ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

DJ သီချင်း၊ အဆို၊ အက ဖျော်ဖြေမှုများ အပြင် အိန္ဒိယအစားအသောက်တွေကို ရောင်းချတာကြောင့် ရိုးရာအစားအသောက်ယဉ်ကျေးမှုများကို ကြိုက်နှစ်သက်သူတွေတင်မကဘဲ မြည်းစမ်းလိုသူတွေကပါ ပျော်ရွှင်ဖွယ်ရာ တွေ့မြင်ရပါတယ်။

“ဒီသင်္ကြန်ကတော့ တစ်နှစ်တစ်တစ်ခါ အမတို့ရဲ့ ရိုးရာပေါ့နော်။ ရိုးရာဆိုတာက ပျော်ပွဲရွှင်ပွဲ၊ မြန်မာ သင်္ကြန်လိုပဲ။ ရေအဖြူနဲ့ မဟုတ်ဘဲ  အရောင်နဲ့ ပက်ကြတာပေါ့နော်။ လူတစ်ယောက်ကို တစ်ယောက် ချစ်ခြင်း မေတ္တာနဲ့ မောင်နှမတွေ၊ ညီအစ်ကိုတွေ၊ မိသားစုတွေ အကုန်လုံး တစ်ယောက်ကို တစ်ယောက် အရောင်တွေနဲ့ သုတ်မယ်၊ ရေပက်ဖြန်းမယ်၊ အားလုံးကို ရိုသေမှုနဲ့ ကန်တော့ကြတာပေါ့နော်” ဟု ပွဲတော်တွင် ပါဝင်ဆင်နွှဲသူ တစ်ဦးဖြစ်သော ဒေါ်ခိုင်က ပြောသည်။

ဟိန္ဒူသင်္ကြန်ပွဲတော်ကို နှစ်စဉ် လူပေါင်းများစွာ လာရောက်ဆင်နွှဲကြပြီး ယခုနှစ်တွင်လည်း လူလေးထောင်ခန့်် လာရောက ဆင်နွှဲခဲ့ကြတယ်လို့လည်း စီစဉ်သူများက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required