ပျဉ်းမနားလမ်းလျှောက်သင်္ကြန် ဒုတိယအကြိမ် ဆက်လုပ်သွားမည်

ပျဉ်းမနားလမ်းလျှောက်သင်္ကြန် ဒုတိယအကြိမ် ဆက်လုပ်သွားမည်
၂၀၁၈ ခုနှစ် ပျဉ်းမနားလမ်းလျှောက်သင်္ကြန် ။ဓာတ်ပုံ-ပျဉ်းမနားလမ်းလျှောက်သင်္ကြန်ပေ့ချ်

နေပြည်တော်၊ မတ်လ ၂၀ ။                ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် လမ်းလျှောက်သင်္ကြန်ကို ဒုတိယအကြိမ်အဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က မဇ္ဈိမသို့ ပြောသည်။

“ရှိတာပေါ့(လမ်းလျှောက်သင်္ကြန်လုပ်ဖို့)။ အခုညှိုနှိုင်းနေပြီ ။ဗဟိုကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်ကြမှာပေါ့။လုပ်ဖို့ကတော့ သေချာသလောက်နီးပါးဖြစ်သွားပါပြီ”ဟု ၎င်းကပြောသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ယခင်နှစ်က ကျင်းပခဲ့သည့် ပျဉ်းမနား ရှမ်းကန်ဘေးလမ်းတစ်လျှောက်တွင် ကျင်းပမည် ဖြစ်သည်။

ယခုနှစ်အတွင်း ရိုးရာ အလေ့အထကို ပြန်လည်ဖော်ဆောင်သည့်အနေဖြင့် ယိမ်းအကပြိုင်ပွဲများ၊ စတုဒီသာ ကျွေးသည့် မဏ္ဍပ်များ၊ ခေတ်ကာလနှင့် လျော်ညီသည့် ရေကစားမဏ္ဍပ်များကိုပါ ထည့်သွင်းသွားရန် စီစဉ်နေကြောင်း သိရသည်။

“မြန်မာ့ရိုးရာ သနပ်ခါးသွေးလိမ်းတာ၊ သင်္ကြန်ရဲ့ ရိုးရာဖြစ်တဲ့ ယိမ်းအကပြိုင်ပွဲတွေပါလာအောင် စီစဉ်မယ်ပေါ့နော်။ အရင်တုန်းကတော့ ယိမ်းဆိုရင် ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ထွက်တာ များတယ်ပေါ့နော်။ ဟိုးရှေးတုန်းကတော့ ပျဉ်းမနားဆိုရင် ရပ်ကွက်အလိုက် လုပ်ကြတယ်။ ရွှေချီယိမ်း၊ မင်္ဂလာယိမ်းစသဖြင့် လုပ်ကြတယ်။ ဒါလေးတွေကို ပြန်အသက်သွင်းဖို့တော့ တင်ပြထားတယ်”ဟု ပျဉ်းမနားမြို့နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။

ယခုနှစ် သင်္ကြန်အတွင်း ရှေးယခင်က ထည့်သွင်းခဲ့သည့် ပျဉ်းမနားမြို့နယ် ဗဟိုရေကစားမဏ္ဍပ်ကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခင်နှစ်နှင့် မတူညီသည့် အပြင်အဆင်များကိုလည်း ထည့်သွင်းသွားရန် စီစဉ်နေကြောင်းသိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ယဉ်ကျေးမှုကို မန္တလေးမြို့မှ အစပြုခဲ့ပြီး ယနှစ်အတွင်း ရန်ကုန်မြို့တွင်ပါ ထည့်သွင်းရန် စီစဉ်နေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly