ပေရှစ်ထောင်ကျော် တောင်ပေါ်လမ်း၊ ဝိဓူရတောင်စွယ်များနဲ့ တောင်ဇလပ်ပန်းကို စတင်မြင်တွေ့ရခြင်း

ပေရှစ်ထောင်ကျော် တောင်ပေါ်လမ်း၊ ဝိဓူရတောင်စွယ်များနဲ့ တောင်ဇလပ်ပန်းကို စတင်မြင်တွေ့ရခြင်း

ချင်းပြည်တောင်ပိုင်း ကန်ပက်လက်ကို ခရီးထွက်ကြမယ်၊ တချိန်တုန်းက ဝိတိုရိယတောင်၊ မြန်မာတွေက နတ်မတောင်လို့ခေါ်တဲ့ ချင်းတိုင်းရင်းသားတို့ရဲ့ ခေါ်နူးဇုမ်တောင်ကို တက်ကြမယ်၊ တောင်ပေါ်မှာ တစ်ညအိပ်မယ်လို့ ကိုအောင်သူငြိမ်း( ကဗျာဆရာ ယောဟန်အောင်)က လှမ်းပြောခဲ့စဉ်တုန်းက ကျနော်က အလွယ်တကူပဲ လိုက်ပါမယ့်အကြောင်း ကတိပေးခဲ့ပါတယ်။

ဒီခရီးက စိတ်လှုပ်ရှားဖွယ်ကောင်းမယ့်ခရီးဖြစ်တယ် အထူးသဖြင့် တောင်ဇလပ်ပန်းတွေကို မြင်ဖူးတော့မယ်၊ ခေါ်နူးဇုမ်တောင်ပေါ်မှာ ညအိပ်ဖူးတော့မယ်ဆိုတဲ့စိတ်က ကျနော့်ကို ရက်အတော်များများ ရစ်ပတ်ထွေးလုံးထားခဲ့ပါတယ်။

ဒီခရီးမှာ ကရင်ပြည်နယ် ဖါးအံမြို့က ဇွဲကပင်တောင်ကို အတူလိုက်ပါတက်ခဲ့တဲ့ မိတ်ဆွေကြီး ကိုသက်မှူးလည်းလိုက်မယ်၊ ကိုသက်မှူးက သူ့ကားကလေးကို သူကိုယ်တိုင်မောင်းမယ်ဆိုတာ သိရပြန်တော့ ပိုပြီး စိတ်လက်ပျော်ရွှင်နေခဲ့ပါတယ်။ ဒါ့အပြင် လူချင်းမတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ မင်းသားကြီး ကိုမင်းဌေးလည်း အတူလိုက်ပါဖို့ရှိတယ်ဆိုတော့ ကျနော်တို့ရဲ့ ချင်းပြည်ခရီးစဉ်က မစခင်ကတည်းက ပြည့်စုံနေခဲ့တဲ့သဘောပါပဲ။

ကိုမင်းဌေးကို ကျနော်တို့က ထိုင်းမြန်မာနယ်စပ်မှာကတည်းက မင်းသားကြီးလို့ပဲ ခေါ်ခဲ့ကြတာပါ။ သူနဲ့က ထိင်းမြန်မာနယ်စ့ပ်မှာ အတူနေရင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေလုပ်ခဲ့စဉ်ကတည်းက သိကျွမ်းခဲ့ဖူးတာပါ။ 

ကိုမင်းဌေးကိုဘာ့ကြောင့် မင်းသားကြီးလို့ ခေါ်ခဲ့ကြတာလည်းဆိုတော့ သူက ကမ္ဘာကျော် ဟောလီးဝုစ်အက်ရှင်မင်းသားကြီး စတားလုံးနဲ့တွဲပြီး ရုပ်ရှင်ရိုက်ခဲ့ရသူဖြစ်လို့ပါပဲ။ ရန်ဘို ၄ ဇာတ်ကားမှာပါ။ မြန်မာပြည် စစ်အာဏာရှင်လက်ထက် တောတွင်းလက်နက်ကိုင်အင်အားစုတွေနဲ့ ရမ်ဘိုတို့လက်တွဲလှုပ်ရှားတိုက်ပွဲဝင်ကြတဲ့ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုမင်းဌေးက စစ်အာဏာရှင်စစ်တပ် တပ်ရင်းမှူး ဗိုလ်မှူးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဒါ့အပြင် နောက်ထပ် ကမ္ဘာကျော် ဟောလိီးဝုစ်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Lady ဆိုတဲ့ဇာတ်ကားမှာလည်းပဲ ကိုမင်းဌေးက စစ်အာဏာရှင်စစ်တပ်ရဲ့ စစ်ဗိုလ်အဖြစ်နဲ့ပဲ သရုပ်ဆောင်ခဲ့သူပါ။ အဲဒီဇာတ်ကားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝ တစိပ်တပိုင်းကိိုရိုက်ကူးထားတဲ့ကားပါ။ တရုပ်မင်းသမီး မိရှယ်ရိုးက ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ဇာတ်ကားပါ။ အဲသလို ကမ္ဘာကျော်ဟောလီးဝုစ် ရုပ်ရှင်ဇာတ်ကားတွေမှာ အထင်ကရဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်လို့ ကိုမင်းဌေးကို ကျနော်တို့က မင်းသားကြီးလို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြတာပါ။ ကိုမင်းဌေးဟာ တချိန်က စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ခဲ့သူဖြစ်ပေမယ့် ရုပ်ရှင်တွေထဲမှာကြတော့ သူတော်လှန်တိုက်ခိုက်နေရတဲ့ စစ်အစိုးရစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့ရသူဖြစ်တာမို့ ဘဝဆိုတာ တခါတလေ ရယ်ဖို့လည်းကောင်း အံ့သြဖို့လည်းကောင်းတဲ့အကြောင်းပြောရင်း ကျနော်တို့ ရယ်မောခဲ့ကြရပါတယ်။

ကျနော်တို့လေးယောက် ကားကလေးတစ်စင်းနဲ့ ကန်ပက်လက်ကနေပြီး တောင်ပေါ် မြေနီကျောက်ချောခင်းလမ်းကလေးအတိုင်း ထွက်ခွာလာကြတဲ့အခါ မွန်းလွဲတစ်နာရီလောက်ရှိနေပါပြီ။ ရာသီဥတုကလည်း ကောင်းပါတယ်။ လမ်းနည်းနည်းကျဉ်းပြီး ကိုယ်တစ်ခါမှ မသွားဘူးသေးတဲ့လမ်းကို စမ်းတဝါးဝါး စိတ်တထင့်ထင့်နဲ့လာကြရတာဖြစ်လို့ ကားကိုဖြေးဖြေးပဲမောင်းလာခဲ့ကြပါတယ်။ လမ်းတလျှောက် ပတ်ဝန်းကျင်ကို သေသေချာချာမကြည့်အားလောက်အောင် ဖြစ်ခဲ့ပါတယ်။ တောင်ပေါ် လမ်းကျဉ်းဖြစ်တာမို့ တောင်ကွေ့လမ်းအကွေ့တွေမှာ နောက်ကပဲဖြစ်ဖြစ် ရှေ့ကပဲဖြစ်ဖြစ် ကားတစ်စင်းစင်းရောက်လာရင် အချိန်မှီနေရာပေးရှောင်တိမ်းမောင်းဖို့ကိုပဲ စိတ်စောနေခဲ့ကြရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ကျနော်တို့ဟာ ကန်ပက်လက်မြို့ကအထွက်ကတည်းက ပင်လယ်ရေမျက်နှာပြင်အမြင့်( ၆၀၀၀ )ကျော်ရှိနေပြီဆိုတဲ့အချက်နဲ့ မိနစ်နဲ့အမျှ နေရောင်ခြည်တွေ မှိုင်းလာနေ၊ လေက ကြစ်ခဲအေးမြလာနေ၊ သစ်ပင်တွေက ထူးခြားတဲ့ ဖွဲ့စည်းပုံ ဖြစ်လာနေတဲ့အချက်ပါပဲ။

လမ်းကလည်း ဖေါက်လုပ်ပြီးကာစသဘောပါပဲ။ လမ်းဟောင်းကို အသစ်မွမ်းမံပြန်ခင်းထားတဲ့သဘောဖြစ်တဲ့အပြင် အဆင်းအတက်ကလည်း ခက်ခက်ခဲခဲ တက်ရဆင်းရတဲ့တောင်ကွေ့တွေဖြစ်တာမို့ တလမ်းလုံး အဆင်ပြေခဲ့ပါတယ်။ လမ်းမှာ မျက်နှာချင်းဆိုင်က လာတဲ့ ကားကလေးတစ်စင်းကို ဘေးကပ်ပြီး ရှောင်ခဲ့ရတာကလွဲပြီး ဘယ်ကားကိုမှလည်း မတွေ့ခဲ့ကြရပါဘူး။ အင်မတန်နာမည်ကြီးလှတဲ့ တောင်တစ်တောင်ဖြစ်ပေမယ့် လာရောက်လည်ပတ်တဲ့ခရီးသည်ကားလည်း တစ်စင်းမှ ကောင်းကောင်းမတွေ့ခဲ့ရပါဘူး။

အခက်အခဲတစ်ခုတော့ စပြီးတွေ့ပါပြီ။ တယ်လီဖုန်း လက်လှမ်းမမီတော့တဲ့ကိစ္စပါပဲ။ ကျနော်တို့က လိုအပ်လို့ဓါတ်ပုံရိုက်ရင် တယ်လီဖုန်းနဲ့ပဲရိုက်ပြီး အင်တာနက်လိုင်းပေါ်တင်ချင်ကြပေမယ့် တယ်လီဖုန်းလိုင်းက ကောင်းကောင်းမမိတဲ့အခါ အခက်အခဲရှိလာပါတယ်။ ခရီးကလည်း မိနစ်နဲ့အမျှ ပိုပိုပြီးအေးလာပါတယ်။ မြင်ကွင်းတွေကလည်း ပိုပိုပြီး မှိုင်းအုပ်လာနေပါတယ်။ ဒီလိုနဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၈၀၀၀) ကျော်ရောက်လာခဲ့ကြပါတယ်။ လမ်းမှာ ဆိုင်ကယ်နဲ့ သွားလာနေကြတဲ့ ခရီးသည် သုံးလေးဦးပဲတွေ့ခဲ့ရပါတယ်။ သူတို့ဝတ်ပုံစားပုံက ပြင်ပခရီးသည်ဖြစ်ဟန်မတူဘဲ ဒေသခံချင်းတိုင်းရင်းသား မိသားစုတွေသာဖြစ်ပုံရပါတယ်။ ကျနော်တို့လို ခရီးဝေးကလာပြီး တောင်တက်ဖို့လာတဲ့ ခရီးသည်တော့ မတွေ့ရသလောက်ပါပဲ။
ကျနော့်စိတ်ထဲ ကိုယ်လိုခရီးသည် မတွေ့ရတာရယ်၊ လမ်းက ကျဉ်းသထက်ကျဉ်းပြီး မြင့်သထက်မြင့်လာနေတာရယ်၊ ရာသီဥတုက သိသိသာသာကြီး ဆိုးလာနေတာရယ်ကြောင့် အနည်းငယ်တော့ စိတ်ပူပန်စပြုတာအမှန်ပါပဲ။

ဒါပေမယ့်လည်း မူလရည်မှန်းချက်ဖြစ်တဲ့ ခေါ်နူးဇုမ်တောင်ထိပ်အထိ တက်ဖို့ဆိုတဲ့စိတ်ကိုတော့ လျှော့မချခဲ့ပါဘူး။ပေ (၈၀၀၀) ကျော်မြင့်လာတဲ့အခါ ခတ်ဝေးဝေးကလှမ်းမြင်ရတဲ့ တောင်စွယ်တောင်တန်းအထပ်ထပ်ကို အလှပဆုံးမြင်လာရပါတယ်။ နေရောင်ခြည်တစောင်းထိုးထားတဲ့ အဲဒီ တောင်စဉ်အထပ်ထပ်ကိုငေးကြည့်ရင်း ကျနော်တို့ရဲ့ မိရိုးဖလာဘာသာရေးဇာတ်တော်တစ်ခုထဲက တောင်စဉ်အထပ်ထပ် မြင်းနဲ့ဆွဲခေါ်ခံရတဲ့ ဝိဓူရအမတ်ကိုလည်း သွားတွေးမိပါသေးတယ်။ ၀ိဓူရအမတ် မြင်းနဲ့ဆွဲခေါ်ခံရတယ်ဆိုတဲ့ တောင်စဉ်အသွယ်သွယ်ဟာ အခု ကျနော်မြင်နေရတဲ့ တောင်စဉ်တောင်တန်းတွေလိုများ ဖြစ်နေမလားပေါ့။

တောင်ကွေ့တစ်ခုကိုကွေ့လိုက်တဲ့အခါ “ဟော ကိုငြိမ်းဝေရေ တောင်ဇလပ်ပန်းတွေကို တွေ့ပါပြီဗျား”ဆိုတဲ့ ကားမောင်းရင်း မအော်ရုံတမယ် ပြောလိုက်တဲ့ ကိုသက်မှူးရဲ့စကားကြောင့် ကျနော့်မှာ ချက်ချင်းပြာယာခတ်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်ရပါတယ်။

ကျနော်တို့အားလုံး အင်မတန်နာမည်ကြီး ကျော်ကြားလှတဲ့ တောင်ဇလပ်ပန်းတွေကို ကားလမ်းနဲ့မလှမ်းမကမ်း တောင်စောင်းတွေမှာ စတင်မြင်ကြရပါပြီ။

ဆက်လက်ဖတ်ရှုပါရန်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly