တရားစွဲခံရသူက စွဲဆိုသူကို ဓါးဖြင့်ထိုးသတ်

တရားစွဲခံရသူက စွဲဆိုသူကို ဓါးဖြင့်ထိုးသတ်

မတ် ၂၀ ရက်  ။        ။ စကားများရန်ဖြစ်ရာမှ တိုက်ခိုက်မှုပါလာသောကြောင့် နာကျင်ဒဏ်ရာရစေမှုဖြင့် အမှုဖွင့်ခဲ့သူကို တရားစွဲခံရသူက ဓါးဖြင့်ထိုးသတ်မှုတစ်ခု မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင်က မကွေးတိုင်း၊ နတ်မောက်မြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုရန်ဖြစ်မှုသည် မတ်လ ၁၈ရက် နံနက် ၁၁ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှုကို နောက်တစ်နေ့ မတ်လ ၁၉ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။ ထိုနောက် ယနေ့ မတ်လ ၂၀ ရက်နေ့တွင် တရားစွဲခံရသူက ထိုသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဓါးထိုးခံရသူမှာ နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် သီဟဇော် ဖြစ်ပြီး ၎င်းမှာ သူငယ်ချင်းဖြစ်သူ အောင်မြင့်သန်းနှင့်အတူ မြို့မရပ်ကွက် မကေသီမိုး အသုပ်ဆိုင်တွင် အသုပ်စားနေစဉ် အထိုးခံခဲ့ရခြင်း ဖြစ်သည်။

ထိုးသတ်သူမှာ ရဲမင်းအောင် ဖြစ်ပြီး မည်သည့်အတွက်ကြောင့် သီဟဇော်နှင့် ရန်ဖြစ်ခဲ့သည်ကိုမူ ရှင်းလင်းတိကျစွာ မသိရှိရသေးပေ။

ဖတ်ရှုခဲ့ရသော အဆိုပါကိစ္စ ကြေးနန်းစာတွင်မူ ရဲမင်းအောင်သည် သီဟဇော်နှင့် စာကားများရန်ဖြစ်ကာ ခြေထောက်နှင့် ကန်ကျောက်သဖြင့် မတ်လ ၁၉ ရက်နေ့က နာကျင်ဒဏ်ရာရစေမှုဖြင့် တရားရုံးတွင် ဦးတိုက် လျှောက်ထားတိုင်ကြားခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့ နံနက်က ရဲမင်းအောင်မှ ဓါးဖြင့် ထိုးစဉ်တွင် သီဟဇော်မှာ လဲကျသွားခဲ့ပြီး အနီးရှိ သီဟဇော်၏ သူငယ်ချင်းဖြစ်သူကို အောင့်မြင့်သန်းကိုပါ ထပ်မံဓါးဖြင့် တိုက်ခိုက်လာသည့်အတွက် အောင်မြင့်သန်းတွင် ပြတ်ရှ၊ နာကျင်ဒဏ်ရာတစ်ချို့ ရရှိခဲ့သည်ဟု ထိုကြေးနန်းစာတွင် ပါရှိသည်။

ဓါးဖြင့်ထိုးခံရသည့် သီဟဇော်ကို ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူနေစဉ်တွင် သေဆုံးခဲ့သည်။

သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုသန်းဇော်က ထိုအမှုနှင့် ပတ်သက်၍ ရဲမင်းအောင်ကို အရေးယူရန် နတ်မောက်မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ပ) ၇၂/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၄ တို့ဖြင့် အမှုဖွင့်၍ ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်ဟု ထိုစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required