ရီးယဲလ်အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စီရော်နယ်ဒိုကို ဂုဏ်ပြုဆုချီးမြှင့်

ရီးယဲလ်အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စီရော်နယ်ဒိုကို ဂုဏ်ပြုဆုချီးမြှင့်

မက်ဒရစ်၊ အောက်တိုဘာ ၃ ။                  ။ ရီးယဲလ်အသင်းသည် အသင်း၏သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသည့် စီရော်နယ်ဒိုကို အထူးဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မယ်လ်မိုအသင်းဘက်သို့ သွင်းယူခဲ့သည့်အနိုင်ဂိုးနှစ်ဂိုးမှာ စီရော်နယ်ဒို၏ ကစားသမားဘဝတစ်လျှောက် ဂိုး ၅၀၀ မြောက်နှင့် ၅၀၁ ဂိုးမြောက်သွင်းဂိုးများဖြစ်ပြီး ရီးယဲလ်အသင်းကစားသမားဘဝတစ်လျှောက် ၃၂၃ ဂိုး ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသည့် ရာအူးလ်နှင့် ဂိုးသွင်းစံချိန် တူညီသွားခဲ့သည်။တရားဝင်မှတ်တမ်းများအရ စီရော်နယ်ဒိုရီးယဲလ်အသင်းအတွက် သွင်းယူခဲ့သည့်သွင်းဂိုးစုစုပေါင်းမှာ ၃၂၃ ဂိုးဖြစ်သော်လည်း ရီးယဲလ်အသင်း၏ မှတ်တမ်းတွင် ၃၂၄ ဂိုးဖြစ်ပြီး ရာအူးလ်ကို ကျော်ကာ အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

(ထိုအငြင်းပွားဖွယ်ရာဂိုးသည် ၂၀၁၀ ခုနှစ်က ဆိုစီဒက်အသင်းဘက်သို့ သွင်းယူခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်ဘောမှတစ်ဆင့် စီရော်နယ်ဒိုသွင်းယူခဲ့သည့်ထိုဂိုးသည် ပီပီနှင့်ထိခဲ့သည်ဆိုပြီး မှတ်တမ်းဒိုင်များက ပီပီ၏ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။)

စီရော်နယ်ဒို၏ဂုဏ်ပြုပွဲ အခမ်းအနားသို့ ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၊ စီရော်နယ်ဒို၏ မိခင်နှင့် သား၊ နည်းပြ ဘင်နီတက်ဇ်အပါအဝင် ရီးယဲလ်အသင်းသားအားလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

စီရော်နယ်ဒိုက ယခင်နည်းပြဟောင်းများ၊ အသင်းဖော်များနှင့် ရီးယဲလ်တစ်သင်းလုံးအပြင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် မီဒီယာများကိုလည်း   ကျေးဇူးတင်ကြောင်း   ပြောခဲ့သည်။ စီရော်နယ်ဒိုသည် မီဒီယာများနှင့် တွေ့ဆုံခြင်းမပြုသည်မှာ ပြီးခဲ့သည့်မတ်လကတည်းကဖြစ်သည်။

ပြီးခဲ့သည့်ရာသီက အက်သလက်အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မွေးနေ့ပွဲကျင်းပခဲ့သည့် ၎င်းကို မီဒီယာများက ဝေဖန်ခဲ့ကြသည့်အတွက် မဆက်ဆံခဲ့ခြင်း ဖြစ်သည်။

'ဒီဆုကို ရရှိတာ တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ရီးယဲလ်အသင်းဂျာစီကို စတင်ဝတ်ဆင်ခွင့်ရချိန်က အသင်းရဲ့သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာမယ်လို့ လုံး၀ မထင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ မိတ်ဆွေ ရာအူးလ်နဲ့ ဒီစတီဖာနိုတို့ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ကျွန်တော်ပျော်ပါတယ်။ ပထမဆုံး အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့ရဲ့ အကူအညီ မပါဝင်ခဲ့ဘဲ ဒီလို ဖြစ်လာနိုင်စရာ မရှိပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ နည်းပြတွေဖြစ်တဲ့ ပယ်လီဂရီနီ၊ မော်ရင်ဟို၊ အန်စလော့တီနဲ့ ဘင်နီတက်ဇ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အများကြီး ကူညီခဲ့ကြသူတွေပါ။ အသင်းဝန်ထမ်းတွေ၊ ကြံ့ခိုင်ရေးမှူးတွေအပါအဝင် အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်ကျေးဇူးတင်ဖို့ ကျန်ခဲ့တဲ့ လူတွေရှိရင် ခွင့်လွှတ်ကြပါ။ ဒီအချိန်မှာ ကျွန်တော် စကားပြောရတာ တကယ်ကို မလွယ်ကူလို့ပါ။

ဒီအောင်မြင်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်း အောင်မြင်ပါစေ' ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။

Ref ; ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly