မြို့တွင်းပစ်ခတ်မှုများကြောင့် မြောက်ဦးဒေသခံများ ထိတ်လန့်နေ

မြို့တွင်းပစ်ခတ်မှုများကြောင့် မြောက်ဦးဒေသခံများ ထိတ်လန့်နေ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

မြောက်ဦး ၊ မတ် ၁၉ ။         ။ မြောက်ဦးမြို့အတွင်း၌ ယမန်နေ့(မတ် ၁၈)ရက်နေ့ ညပိုင်းနှင့် ယနေ့ မတ် ၁၉ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှု များ ထပ်မံဖြစ်ပွားသောကြောင့် မြို့ခံများက စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။

လက်ရှိ မတ်လ ၁၉ ရက် ညနေပိုင်း အခြေအနေအရ မြို့အတွင်းရှိ စားသောက်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး မြို့မစျေးမှ ဆိုင်ခန်းများလည်း ပိတ်ထားသည်ကို တွေ့ရှိရကြောင်း အဆိုပါနေရာရှိ မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။ လမ်းပေါ်တွင် လူအများကို တွေ့မြင်ရခြင်းမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်ကိုလည်း တွေ့ရသည်။

ယမန်နေ့ညက ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ကမေၻာဇဘဏ်တွင် ကျည်ဆံရာတစ်ချို့ ထိမှန်ခဲ့ပြီး ဘဏ်နှင့် မျက်နှာချင်းဆိုင်ရှိ ရက္ခမုနိဘုရားလည်း ကျည်ဆံထိမှန်ခဲ့သည်။

"တပ်က ကားပေါ်ကနေ ဝှေ့ပြီးပစ်သွားတာ။ ဟိုဘက်ဒီဘက်ကို ဘယ်သူမှ မပစ်ဘူး။ သူတို့ပဲ ပစ်သွားတာ" ဟု ရက္ခမုနိဘုရားကျောင်းဆရာတော် ဦးကောဝိဒက မဇ္ဈိမသို့ မိန့်သည်။

ထိုသို့ ထိခိုက်မှုများ ရှိနေသော်လည်း မတ်လ ၁၈ ရက်နေ့ ညပိုင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး AA နှင့် တပ်မတော်တို့က ၎င်းတို့မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထားခဲ့သည်။

လက်ရှိ သတင်းရေးသားချိန် ည ၇ နာရီ ခွဲခန့်တွင် မြောက်ဦးမြို့အတွင်း၌ တပ်မတော်မှ စစ်ကားများ လှည့်ပတ် နေသည်ကို တွေ့မြင်နေရသည်။

ယမန်နှစ် ဒီဇင်ဘာ နှောင်ပိုင်းမှ စတင်ခဲ့သော ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများသည် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့်မြို့များတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ဘေးရှောင်ဒေသခံများသည်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးတွင် တစ်သောင်းကျော်ခန့်ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required