တူရကီအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြတဲ့ ကာ့ဒ်တက်ကြွလှုပ်ရှားသူ ကိုယ့်ကိုကိုယ် သတ်သေတာကြောင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွား

တူရကီအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြတဲ့ ကာ့ဒ်တက်ကြွလှုပ်ရှားသူ ကိုယ့်ကိုကိုယ် သတ်သေတာကြောင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွား

အစ္စတန်ဘူလ်၊ မတ် ၁၉ ။          ။ တူရကီအကျဉ်းထောင်တစ်ခုမှာ အစာငတ်ခံ ဆန္ဒပြတဲ့ ကာ့ဒ်တက်ကြွလှုပ်ရှားသူ သေဆုံးတာကြောင့် သူ့ရဲ့ သင်္ချိုင်းအုတ်ဂူအနီးမှာ တနင်္လာနေ့က ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပါတယ်။

 တက်ကြွလှုပ်ရှားသူ ဇူကက်ဖ်ဂျီဇန်ဟာ တနင်္ဂနွေနေ့က ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ ဖြစ်တယ်လို့ ၎င်းရဲ့ ရှေ့နေနဲ့ ကာ့ဒ်ပါတီက တာဝန်ရှိသူတွေက ပြောပါတယ်။

 ဂျီဇန်ဟာ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီတပ်ဖွဲ့တွေ တိုက်စစ်ဆင်နေရာ တည်ငြိမ်မှု ကင်းမဲ့တဲ့ ဒီယာဘာကီယာအရပ်က ကာ့ဒ်လွှတ်တော်အမတ်တစ်ဦးကို ထောက်ခံတဲ့ အစာငတ်ခံ ဆန္ဒပြ အကျဉ်းသား သုံးလေးဆယ်မှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

 တနင်္လာနေ့က ဂျီဇန်ရဲ့ အုတ်ဂူနားမှာ စုရုံးကြတဲ့ အဓိကကာ့ဒ်အတိုက်အခံပါတီ HDP ကို ထောက်ခံသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်တွေ သုံးပြီး ဖြိုခွင်းရာကနေ ထိပ်တိုက်တွေ့မှု ဖြစ်ပွားတာပါ။

 “မနေ့က အကျဉ်းသားတစ်ဦး သေဆုံးတယ်။ တရားရေးဝန်ကြီးဌာနကသာ ကိုယ့်တာဝန် ကိုယ်ကျေပွန်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိမ်းပါးသွားတဲ့ မိတ်ဆွေဟာ သေဆုံးမှာမဟုတ်ဘဲ အသက်ဆက် ရှင်သန်မှာ ဖြစ်ပါတယ်။”လို့ HDP ပါတီ ပူးတွဲခေါင်းဆောင် ဆီဇိုင်းတီမယ်လီက သတင်းထောက်တွေကို ပြောပါတယ်။

 ကာ့ဒ်စစ်သွေးကြွအဖွဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ဂျီဇန်ဟာ ထောင်ချထားခံရတာ ၁၂ နှစ်ကြာ ရှိပြီ ဖြစ်ပြီး သူဟာ ရေချိုးခန်းအတွင်း ကိုယ်ကိုကို ဆွဲကြိုးချသေဆုံးခဲ့တာလို့ သူ့ ရှေ့နေက ပြောပါတယ်။

 HDP ပါတီက အမျိုးသမီး လွှတ်တော်အမတ် လေလာဂူဗန်ဟာ ကာ့ဒ်ခေါင်းဆောင် အဒူလက်ရှ်အိုကယ်လန်ကို အကျဉ်းထောင်ထဲမှာ ထားရှိတဲ့ အနေအထားကို ဆန့်ကျင်ပြီး ထောင်ထဲမှာ နိုဝင်ဘာ ၈ ရက်က အစာငတ်သပိတ် ဆင်နွှဲခဲ့ပါတယ်။

လွှတ်တော်အမတ် ဂူဗန်အနေနဲ့ ထောင်ထဲကနေ ပြန်လွှတ်ခံရပေမယ့် အခြား ဖမ်းဆီးခံထားရသူတွေဟာ သူလုပ်ရပ်နောက်က လိုက်လံပြီး ဆက်လက်အစာငတ်ခံ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required