တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်တွင် အမွေအနှစ်နှင့်လူ့အခွင့်အရေးဆိုင်ရာများ လိုက်နာထိန်းသိမ်းရန် ကုလ တိုက်တွန်း

တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်တွင် အမွေအနှစ်နှင့်လူ့အခွင့်အရေးဆိုင်ရာများ လိုက်နာထိန်းသိမ်းရန် ကုလ တိုက်တွန်း
ဓာတ်ပုံ - EPA

မတ် ၁၉ ။           ။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ယဉ်ကျေးမှုအမွေအနှစ်များစောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို လိုက်နာထိန်းသိမ်းရန် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး (ယာယီ) Mr. Knut Ostby က မတ် ၁၉ ရက်တွင် တိုက်တွန်းလိုက်သည်။

ရက္ခိုင့်တပ် AA နှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးမှုနှင့် ဒေသခံများ နေရပ် စွန့်ခွာမှုများ ဖြစ်ပေါ်နေသည်ကို ကြားသိရသည့်အတွက် များစွာစိုးရိမ်မိကြောင်း မတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

“ ဤ  ပဋိပက္ခတွင် ပါဝင်သူအားလုံးအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရန်၊ မတူညီမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဆောက်အဦများနှင့် ၎င်းတို့ရှိရာ အရပ်များကို စောင့်ရှောက်ထိန်းသိမ်းခြင်းအပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေပါ မိမိတို့၏ တာဝန်ဝတ္တရားများကို လိုက်နာထိန်းသိမ်းပါရန် မစ္စတာအော့စ်ဘီက တိုက်တွန်းပါသည်” ဟု ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော  ပဋိပက္ခဒဏ် ခံနေရသည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် စစ်ရှောင်များအားလုံးအနေဖြင့် ထိရောက်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရယူနိုင်ရေးအတွက် ကုလသမဂ္ဂမှ အဆင့်သင့်ရှိပါသည်ဟု ပါရှိသည်။

 ရက္ခိုင့်တပ်(AA)နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး မတ်လ အထိ စစ်ဘေးရှောင် တစ်သောင်းကျော်ခန့်ရှိနေပြီဖြစ်ကာ မတ်လ ၁၈ ရက်က မြောက်ဦးမြို့အနီး AA နှင့် တပ်မတော်ဘက်မှ ပစ်ခတ်ခြင်းမဟုတ်ဟုဆိုသော အမည်မသိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်က မြောက်ဦးမြို့နယ် မြောက်ဘက်အစွန်၊ တောင်ဦးအမည်ရှိ ကျေးရွာတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရပ်သားမိန်းကလေးတစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းတွင်လည်း မြောက်ဦးမြို့ပေါ်ရှိ ရပ်ကွက်အချို့ပေါ်သို့ ကျည်ဆံများ ကျရောက်ခဲ့ကာအရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးတွင် ယူနက်စကိုဝင်ရန် ကြိုးစားနေသော ရှေးဟောင်းဘုရားပုထိုးအများအပြားရှိနေပြီး မတ်လ ၁၅ ရက်က ပစ်ခတ်မှုများကြောင့် မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းစေတီပုထိုးအချို့လည်း ကျည်ထိမှန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly