ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်တွင် လက်ရန်းအကာအရံများ တပ်ဆင်မည်

ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်တွင် လက်ရန်းအကာအရံများ တပ်ဆင်မည်
ဓာတ်ပုံ-အောင်မြတ်သူ

နေပြည်တော်၊ မတ် ၁၉ ရက် ။     ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ ရှမ်းကန်ပတ်ချာလည်တွင် လက်ရန်းအကာအရံများ တပ်ဆင် သွားမည်ဟု ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ပြောသည်။

“ကိုယ့်မြို့က အဲဒီ ရှမ်းကန်ဘေးကလည်း Walk Way ပေါ့။ အမြဲတမ်း လမ်းလျှောက်ကြတာကိုး။ Public Area (အများပြည်သူနေရာ) ကလည်း ပျဉ်းမနားမှာက ရှမ်းကန်လောက် ရှိတာကိုး။ လမ်းလျှောက်ကြတော့ လမ်းလျှောက်တာလည်း အဆင်ပြေ၊ ပြီးတော့ ဘေးအန္တရာယ်လည်း ကင်းအောင်ပေါ့။ အဓိက ရည်ရွယ်ချက်က ဒါပါပဲ ”ဟု ဦးသန်းစိုးအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လက်ရန်းအကာအရံ တပ်ဆင်ခြင်းလုပ်ငန်းကို မတ်လအတွင်း အပြီးအစီး ကာရံသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဆောက်လုပ်မည်ဖြစ်ကာ ကျပ်သိန်း တစ်ထောင်ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ယင်းကန်ပတ်လည်ရှိ မြေသားအချို့သည် အချိန်ကာလ ကြာမြင့်လာသောကြောင့် ကန်ပုခုံးသားတစ်ချို့သည် ပြိုကျခြင်းများ ရှိလာသည့်အတွက် ယခုကဲ့သို့ ပြန်လည်ပြင်ဆင်ပြီး အကာအရံတပ်ဆင်ပေးခြင်းအားဖြင့် ကန်ထဲသို့ အလွယ်တကူ ဆင်းဆော့ခြင်းများ၊ လာရောက်လည်ပတ်သည့် ကလေးငယ်များ ရေထဲသို့ကျခြင်း စသည့် အန္တရာယ်များကို တားဆီးကာကွယ်နိုင်ကြောင်း ပျဉ်းမနားမြို့နယ်၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။

“ အဲဒီအတွက်တော့ မြို့သားတစ်ယောက်အနေနဲ့ ပြောရရင်တော့ ကြိုဆိုတယ်။ ဝမ်းလည်း သာတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ှရှမ်းကန်က ပစ်ထားတာလည်း ကြာပြီ။ ဒါလေးကို ပြန်ပြီးတော့ ပြန်လည် ပြင်ဆင်တယ်ဆိုတော့ သပ်သပ်ရပ်ရပ်၊ သပ်သပ်ခပ်ခပ်လည်း ဖြစ်သွားမယ်။ မလိုလားအပ်တဲ့ ပြသနာတွေလည်း ဖြစ်မလာတော့ဘူးဆိုတော့ အများပြည်သူတွေလည်း ပိုပြီးတော့ စိတ်အပန်းဖြေနိုင်တာပေါ့ ” ဟု ဦးသိန်းသန်းဦးက ပြောသည်။

ယခင်က အကာအရံမရှိသော အဆိုပါရေကန်အတွင်းသို့ ပြုတ်ကျကာ ရေနစ်သေဆုံးသည့် ဖြစ်စဉ်အချို့လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly