၂၀၁၈ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာရမှု တိုးလာ

၂၀၁၈ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာရမှု တိုးလာ
မြေမြှုပ်မိုင်းကြောင့်ခြေထောက်ဆုံးရှုံးခဲ့ရသော မြန်မာအမျိုးသားလူနာများကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့ရှိ မသန်စွမ်းသူများပြန်လည်ထူထောင်ရေးစင်တာတွင် တွေ့ရစဉ်။ ဓာတ်ပုံ-EPA

နေပြည်တော်၊ မတ်လ ၁၉ ။      ။ မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု တိုးလာပြီး ၂၀၁၈ ခုနှစ်အတွင်း ထိခိုက် ဒဏ်ရာရ၊ သေဆုံးမှု ပေါင်း ၂၀၅ ကြိမ် ရှိခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

“၂၀၁၇ ခုနှစ်ကဆိုရင် တစ်နိုင်ငံလုံး မိုင်းအန္တရာယ်ကြောင့်  ဒုက္ခရောက်ပြီးတော့ ဒဏ်ရာရတယ်။ သေကြေတဲ့ ဖြစ်စဉ်က ၁၁၉ ကြိမ် ရှိခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၂၀၅ ကြိမ်အထိ ဖြစ်စဉ်တွေရှိခဲ့တာကို တွေ့ရပါတယ်။ သေကြေမှုတွေ၊ ထိခိုက်မှုတွေကို အရေအတွက်အားဖြင့် ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ မိုင်းဖြစ်စဉ် ထိခိုက်ဒဏ်ရာရတဲ့သူ ၁၇၆ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၂၀၅ ယောက်အထိ တိုးမြှင့်ပြီးတော့ ထိခိုက်ဒဏ်ရာ ရကြတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သည့် National Mine Risk Working Group (အမျိုးသားအဆင့် မိုင်းအန္တရာယ် အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋ္ဋိပက္ခများ မချုပ်ငြိမ်းသေးသည့်အတွက် နောက်ဆက်တွဲဆိုးကျိုးအဖြစ် မိုင်းမှန်သည့်ကိစ္စများရှိနေသောကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ကာ မိုင်းအန္တရာယ် အသိပေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် National Mine Risk Working Group ကို စတင်ဖွဲ့စည်းခဲ့ကာ ပြည်သူလူထုများကြားတွင် ယခင်ကထက် အသိပညာပေးခြင်း၊ ဟောပြောခြင်း၊ မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် လက်ကမ်းသတင်း ဖြန့်ဝေခြင်း၊ ထိခိုက်ဒဏ်ရာရသူများကို ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်ခဲ့သည်ဟု ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ သိရသည်။

“ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်တဲ့သူတွေကို ကူညီတဲ့အနေနဲ့ သူတို့ရဲ့ဘဝ ရပ်တည်ရန်၊ သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို စပ်ဆက်ပြီးလုပ်နိုင်အောင် တစ်ဦးကို ကျပ် ၂ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးနေတာ ရှိပါတယ်။ ၂၀၁၈-၁၉ လက်ရှိ ဒီနှစ်ဘတ်ဂျက်မှာဆိုရင် ၈၉ ယောက်လောက် ထောက်ပံ့တယ်။ ပြီးခဲ့တဲ့ ၆ လ မီနီဘတ်ဂျက်မှာဆိုရင် ၁၇၀ ကျော်လောက် ၂ သိန်းနှုန်းနဲ့ တတ်နိုင်သလောက် ထောက်ပံ့မှုတွေ လုပ်ပေးပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် မိုင်းအန္တရာယ် မြင့်မားနေသေးသည့် မြန်မာနိုင်ငံတွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုတွင် မိုင်းအန္တရာယ်နှင့် စပ်ဆက်နေသည့် ဒေသ ၉ ခုရှိနေကာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်း၊ ပဲခူးတိုင်း ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ပြန်လည်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည် ထူထောင်ရေးများ ပြုလုပ်သည့်နေရာတွင် အားနည်းနေခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ်ကို တိုးချဲ့ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly