ရခိုင့်ရှေးဟောင်းမြို့ပေါ် တိုက်ပွဲစတင်သူမှာ မိမိတို့မဟုတ်ကြောင်း AA နှင့် တပ်မတော်တို့ ထုတ်ပြန်

ရခိုင့်ရှေးဟောင်းမြို့ပေါ် တိုက်ပွဲစတင်သူမှာ မိမိတို့မဟုတ်ကြောင်း AA နှင့် တပ်မတော်တို့ ထုတ်ပြန်
ဓာတ်ပုံ - EPA

မတ် ၁၉ ရက် ။          ။ လာမည့် စက်တင်ဘာလတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်တော့မည် ဖြစ်သော ရခိုင်ပြည် နယ်ရှိ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ပေါ်အတွင်း မတ်လ ၁၈ ရက်နေ့ညက ဖြစ်ပွားခဲ့သော တိုက်ပွဲကို စတင်သူမှာ မိမိတို့ မဟုတ်ကြောင်း ရခိုင်တပ်ဖွဲ့ AA နှင့် တပ်မတော်တို့က မတ်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် အသီးသီး သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်တစ်ချို့က စတင်ကာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ပစ်ခတ်မှုများ ရှိနေခဲ့ ခြင်းနှင့် ဘုရားပုထိုးအချို့ပေါ်တွင် ထိမှန်မှုများ ရှိခဲ့သလို လူနေအိမ်များပါ ကျည်မှန်မှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့ ညတွင်မူ ပစ်ခတ်မှုများ မြို့ပေါ်အတွင်း ရှိနေခဲ့ပြီး အရပ်သား ၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ မတ်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက် တွင် “AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှေးဟောင်းပုထိုးစေတီများနှင့် လူနေ အဆောက်အဦအား အကာအကွယ်ရယူ၍ ရည်ရွယ်ချက် ရှိရှိ အဖျက်လုပ်ငန်း ဆောင်ရွက်ခြင်း” ဟု ဖော်ပြပါရှိသည်။

အဆိုပါညတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်အပေါ်တွင်လည်း  “၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဦးမြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန် မြောက်ဦးမြို့နေ တာဝန်သိပြည်သူ အချို့ထံမှ သတင်းရရှိသဖြင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း တစ်ကြောင်းသည် မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် မြောက်ဦးမြို့သို့ ပြန်လည် ချီတက်လာရာ AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးမြို့အဝင်ရှိ မြို့နေ ပြည်သူလူထု၏ နေအိမ် များ ပေါ်မှ ည ၇ နာရီ ၃၅ မိနစ်မှစတင်၍ ၃၀ မိနစ်ကြာသည်အထိ နှောင့်ယှက်ပစ်ခတ်ခဲ့၍ တပ်မတော် စစ်ကြောင်းများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့ပြင် မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ရင်း ဌာနချုပ် များကိုလည်း ရပ်ကွက်နေ ပြည်သူလူထု နေအိမ်များအား အကာအကွယ်ရယူလျက် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ပြီး ည ၈ နာရီ ဝန်းကျင်မှစ၍ ပစ်ခတ်မှု ပြီးဆုံးခဲ့ပါသည်။” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ရခိုင်တပ် AA ၏ မတ်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ “မြန်မာ့တပ်မတော်သည် ရခိုင်ပြည်၊ မြောက်ဦးမြို့နှင့် ကျေးရွာများရှိ ရက္ခိုင်ပြည်သူလူထုနှင့် ရက္ခိုင့်ရှေးဟောင်း သမိုင်းအမွေအနှစ် စေတီပုထိုးများအား တိုက်လေယာဉ်များ၊ လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့်လည်း ဆက်တိုက် ဦးတည် တိုက်ခိုက်နေသည်” ဟု ရေးသားထုတ်ပြန်ထားသည်။

မဇ္ဈိမ၏ မတ်လ ၁၉ ရက်နေ့ ဆက်သွယ်မေးမြန်းချက်အရ ဒေသခံများမှ ဖြေကြားရာတွင်မူ ထို တိုက်ခိုက်မှုများ သည် တပ်မတော်၏ လက်ချက်ဖြစ်သည်ဟု ဆိုကြသည်။

“ ကျွန်တော်တို့ မနေ့က မြောက်ဦးမှာဖြစ်တဲ့ ဖြစ်စဉ်က နေဝင်တဲ့အချိန် ၈ နာရီလောက်က ကိုယ်တို့နေတဲ့ရွာက ပစ်ခတ်သံ ကြားတယ်။ ကျွန်တော်တို့လည်း အဲ့ဒီအချိန်ကတော့ မြို့အဝင် မီးလောင်တဲ့ ဆီဆိုင်ဆိုတာရှိတယ်။ ဆီဆိုင်နားက ပေါက်သံတွေ ကြားရတယ်။ လက်နက်ကြီးနဲ့ လမ်းရှင်းပစ်လိုက်တယ်။ သူတို့က အဲ့ဒီနားက လက်နက်ကြီးကို ထုပြီးသွားတော့ ဘယ်ကိုသွားမှန်း မသိဘူး။ နောက်ဆက်ပြီး သတင်းတွေ ကြားလိုက်တဲ့ အချိန်မှာ မြို့အဝင် ကျောက်ရာဇ်ကေ၊ ဆန်ချဆိပ်၊ အလယ်စျေးတွေမှာ ကားတွေနဲ့ ဟိုဘက်တစ်ပြန် ဒီဘက် တစ်ပြန် လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ သွားတယ်။ ’’ ဟု မြောက်ဦးမြို့နယ် မောင်ရှီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက“ပစ်တာက စစ်တပ် (တပ်မတော်) က ပစ်တာပါ။” ဟု ဆိုသည်။

မြောက်ဦးမြို့ပေါ် ပစ်ခတ်မှုများကြောင့် အရပ်သားများအနေဖြင့် ယနေ့ မတ်လ ၁၉ ရက်နေ့တွင် စျေးဆိုင်များ  ပိတ်ထားကြသလို ၊ လမ်းသွားလမ်းလာများလည်း တိတ်ဆိတ်လျက်ရှိနေသည်။

သို့သော် တိုက်ခိုက်မှုကို စတင်သော လက်သည်အဖွဲ့မှာ ယခုတိုင် အတည်ပြုနိုင်ခြင်း မရှိဘဲ မြေပြင်တွင် ထိတွေနေသော နှစ်ဘက်စလုံးကမူ အပြန်အလှန် စွပ်စွဲနေကြသည်။ဒေသခံများ၏ ဖြေကြားချက် များတွင်မူ တပ်မတော်၏ လက်ချက် ဖြစ်သည်ဟု ဆိုကြသော်လည်း မဇ္ဈိမအနေဖြင့် သီးသန့် အတည် မပြုနိုင်သေးပါ။

မြန်မာနိုင်ငံတွင် ပျူမြို့တစ်ခုတည်းသာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး လက်ရှိတွင် မြောက်ဦးကို UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အစိုးရ ၊ အရပ်ဖက် ၊ပြည်တွင်းနှင့် ပြည်ပမှ ပညာရှင်များက ပူးပေါင်း ဆောင်ရွက်နေသည့်အချိန်လည်း ဖြစ်သည်။

သို့ရာတွင် လတ်တလော အခြေအနေများအရ စိုးရိမ်ဖွယ် ထိတွေ့ပစ်ခတ်မှုများရှိလာနေသောကြောင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဒေသကို စစ်မဲ့ဇုန်အဖြစ် နှစ်ဖက် အဖွဲ့အစည်းများမှ သဘောတူညီချက် ထားပေးဖို့ မြန်မာရှေးဟောင်း သုတေသနပညာရှင် အသင်းကလည်း မတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်၍ တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly