နှစ်နိုင်ငံနယ်နမိတ်ကိစ္စ တရုတ်နှင့်မြန်မာကိုယ်စားလှယ်အဖွဲ့များ ဆွေးနွေး

နှစ်နိုင်ငံနယ်နမိတ်ကိစ္စ တရုတ်နှင့်မြန်မာကိုယ်စားလှယ်အဖွဲ့များ ဆွေးနွေး
ဓာတ်ပုံ -EPA

မတ် ၁၉ ။       ။ နယ်နမိတ်မှတ်တိုင်များ စိုက်ထူရေးအပါအဝင် တရုတ်-မြန်မာ နယ်နမိတ်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား အစည်းအဝေးတစ်ရပ်ကို မတ်လ ၁၉ ရက်က တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ၂၄ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး ပါရှိသည်။

ထို့ပြင် ပူးတွဲစစ်ဆေးခြင်းလုပ်ငန်းများအတွက် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး၊ ခေတ်မီ နည်းပညာများ အသုံးပြု၍ နှစ်နိုင်ငံနယ်နိမိတ်အား ပြန်လည်စစ်ဆေးတိုင်းတာသွားရေး၊ နယ်နိမိတ်မျဉ်းအား ပိုမိုရှင်းလင်း ထင်ရှားစေရန်အတွက် လက်ရှိနယ်နိမိတ်မှတ်တိုင်များအပြင် နယ်နိမိတ်မှတ်တိုင်များ ထပ်တိုး စိုက်ထူသွားရေး နှင့် အခြားနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်မျာ အပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ-တရုတ် နယ်နိမိတ်တစ်လျှောက် ဖြစ်ပွားသည့်ကိစ္စရပ်များအား ပူးတွဲကွင်းဆင်းစစ်ဆေးခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက် သွားကြရန်လည်း သဘောတူညီခဲ့ပါသည်ဟု ဖော်ပြပါရှိသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Wang Wenli ခေါင်းဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

နယ်မြေအငြင်းပွားနှင့်ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ တရုတ်အလံ လာရောက်စိုက်ထူမှုများ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်က တစ်ကြိမ် ၊ ယမန်နှစ်ခါလည်း ဖြစ်ပွားခဲ့မှုများ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly