မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို စစ်မဲ့ဇုန်အဖြစ်ထားရှိပေးရန် မြန်မာရှေးဟောင်း သုတေသနပညာအသင်း မေတ္တာရပ်ခံ

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို စစ်မဲ့ဇုန်အဖြစ်ထားရှိပေးရန် မြန်မာရှေးဟောင်း သုတေသနပညာအသင်း မေတ္တာရပ်ခံ
ဓာတ်ပုံ - EPA

ရန်ကုန်၊ မတ် ၁၉ ။            ။ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို စစ်မဲ့ဇုန် အဖြစ် နှစ်ဖက်အဖွဲ့အစည်းများမှ သဘောတူညီချက် ထားရှိပေးပါရန် မြန်မာရှေးဟောင်းသုတေသနပညာအသင်းက မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါ မေတ္တာရပ်ခံချက်တွင် တပ်မတော်နှင့် အေအေ(AA)တို႔ ထိတွေ့တိုက်ပွဲများကြောင့် ၂၀၁၉ ခုုနှစ် မတ်လ (၁၅)ရက်နေ့တွင် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ထုက္ကန်သိမ်ပုထိုးအနီးတွင်တည်ရှိသည့် အမွေအနှစ်ထိန်းသိမ်းရေး ဂိတ်တဲ နှင့် အနောက် မြေထဲဘုရားတွင် လက်နက်ကြီးထိမှန်ခဲ့သည့်သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း ကနဦးရေးသားထားသည်။

ထို့အပြင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် နုုိင်ငံတော်အဆင့်ကာကွယ်စောင့်ရှောက်ခံအမွေအနှစ် ဖြစ်သည့် အားလျော်စွာ ကမ္ဘာ့လူသားအားလုံးနှင့်သက်ဆိုင်သည့် အစောင့်အရှောက်ခံအမွေအနှစ် (ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်) အဖြစ်သို႔ တင်သွင်းႏိုင်ရန် ကြိုးပမ်းနေသည့် အချိန်ကာလလည်းဖြစ်ကြောင်း အဆိုပါ ပဋိပက္ခဖြစ်ပွားနေမှုအခြေအနေများကြောင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုုံးရှုံးနိုင်မှုနှင့် ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုခွင့်ရရှိရေးတွင် အဟန့်အတားဖြစ်လာႏိုင်မည်ကို မြန်မာရှေးဟောင်း သုတေ သနပညာအသင်းအနေဖြင့် များစွာစိုးရိမ်မကင်း ဖြစ်ရကြောင်း ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံသည် “လက်နက်ကိုင်ပဋိပက္ခများကြားတွင် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ် စောင့် ရှောက်နိုင်ရန် ရည်ရွယ်သည့် 1954 Hague နိုင်ငံတကာသဘောတူညီချက် -- (Convention for the Protection of Cultural Property in the event of Armed Conflict) ကို၁၉၅၆ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် သဘောတူညီလတ်မှတ် ရေးထိုးခဲ့ကြောင်း ႏိုင်ငံတကာသဘောတူညီချက်တွင် ပါဝင်သော ပြဌာန်းချက်များအရ ယဉ်ကျေးမှုအမွေအနှစ်များကို ပစ်မှတ်ထားတိုုက်ခိုက်ခြင်း၊ ယဉ်ကျေးမှုအမွေ အနှစ်ဒေသ များတွင် စစ်မက်ဖြစ်ပွားခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ခံတပ်သဖွယ် အကာအကွယ်ယူ အသုံးပြုခြင်း စသည့် အပြုအမူများကို ရှောင်ရှားရန် ပြဌာန်းထားကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ဆုံး၊ မပျက်စီးစေရေးကို ရှေးရှုပြီး  ႏိုင်ငံတကာသဘောတူညီ ချက်ပါ ပြဋ္ဌာန်း ချက်များကို နှစ်ဖက်အဖွဲ့အစည်းများမှ လေးစားလိုက်နာပေးပါရန်နှင့် ကမ္ဘာ့အမွေအနှစ် တင်သွင်းခြင်း ဆိုင်ရာလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်နှင့် အချိန်မီတင်သွင်းနုုိင်ရန်အတွက် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို စစ်မဲ့ဇုန် အဖြစ် နှစ်ဖက်အဖွဲ့အစည်းများမှ သဘောတူညီချက် ထားရှိပေးပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်ဟု ကြေညာခဲ့သည်။

 မြန်မာရှေးဟောင်းသုတေသနပညာအသင်းသည် ထိုသို့ မေတ္တာရပ်ခံမှုများကို ကြေညာခဲ့ပြီးနောက် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ရန်အတွက် နိုင်ငံသားတိုင်းက ဝန်းရံပေးကြရန် Facebook  Campaign တစ်ခုကိုလည်း လှုပ်ရှားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required