အခြေခံဥပဒေပါ ပြည်ထောင်စုလွှတ်တော်ဖျက်သိမ်းရေးအပေါ် ပြင်ဆင်ချက်တင်သွင်း

အခြေခံဥပဒေပါ ပြည်ထောင်စုလွှတ်တော်ဖျက်သိမ်းရေးအပေါ် ပြင်ဆင်ချက်တင်သွင်း

နေပြည်တော်၊ မတ်လ ၁၉ ရက် ။      ။ အခြေခံဥပဒေ၊ အခန်း(၄) ပါ ပြည်ထောင်စုလွှတ်တော်ဖျက်သိမ်းရေးအပေါ် ပြင်ဆင်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း ရခိုင်အမျိုးသားပါတီမှ ဦးအောင်ကျော်ဇံက ပြောသည်။

မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ၊ D ဆောင်၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းဝေးတွင် အခြေခံဥပဒေ၊ အခန်း(၄) ဥပဒေပြုရေး အပိုင်းကို ပြင်ဆင်ချက်တင်သွင်းရာတွင် ဦးအောင်ကျော်ဇံက ပြောခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ပြည်ထောင်စုလွှတ်တေ်ာကို ဖြုတ်ထားတယ်။ ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းတွေ၊ဘာတွေ ကိုင်တဲ့အခါ သူတို့လုပ်တဲ့အပိုင်းလုပ်ပြီးရင် အမျိုးသားကို လွှဲတယ်။ အမျိုးသားက လည်း ထိုနည်းတူစွာပဲ ပြည်သူ့လွှတ်တော်ကို ပေးမယ်။ အဲဒီ နှစ်ဖက်စလုံး လွှဲလို့ မပြေလည်ရင် အရင်တုန်းကတော့ ပြည်ထောင်စု လွှတ်တော်ကို တင်တယ်ပေ့ါ။ အခု ကျွန်တော်တို့မှာ ပြည်ထောင်စုလွှတ်တော် မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလို့တော့ ပြောလို့မရဘူး။ အချို့ကိစ္စတွေမှာ ကိုယ်စားတော့မြောက်တယ်ပေါ့။ Joint ကော်မတီဆိုတာ ရှိတယ်။ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေးလို့ သုံးပါတယ်။ တွဲဖက် အစည်းအဝေးနဲ့ သွားမှာ”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ဖျက်သိမ်း ဖြစ်ပါက အဆိုပါ Joint ကော်မတီ အစည်းအဝေးတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွင် အချိုးအစား တူညီစွာပါရှိသည့် ကိုယ်စားလှယ်နှစ်ဖွဲ့ ပါရှိရေးကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် ဥပဒေကြမ်းများကို ၄င်းကော်မတီတွင် ဆွေးနွေးသွားမည်ဖြစ်ကာ အဆင်မပြေမှုများ ဆက်လက်ရှိပါက ဆွေးနွေးသည့်ဥပဒေကြမ်းကို ရပ်တန့်လိုက်မည် ဖြစ်ကြောင်း ဦးအောင်ကျော်ဇံက ဆက်လက်ပြောသည်။

“နောက်တစ်ချက်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ရှိတယ်။ လွှတ်တော်နှစ်ရပ်ပေါင်းပြီးတော့မှ ဆွေးနွေးတဲ့အခါမှာ ပြည်သူ့လွှတ်တော်က လူဦးရေများရင် နိုင်ပြီးသား ဖြစ်တယ်။ Justice မဖြစ်ဘူး။ အဲဒါကြောင့်မို့ပါ။ ဘာပဲဖြစ်ဖြစ် အစွဲရှိတယ်ကျွန်တော်က။  ပြည်သူ့လွှတ်တော်မို့လို့ ပြည်သူ့လွတ်တော် နိုင်ချင်တဲ့အခါကြတော့ ၃ ဆ၊ ၁ ဆလောက်ရှိနေတဲ့မဲကို အမျိုးသားလွှတ်တော်က နစ်နာတဲ့အတွက် Joint ကော်မတီနဲ့ တူညီတဲ့အရေအတွက်နဲ့ သွားမယ်ဆိုတဲ့ရည်ရွယ်ချက်”ပါ ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခန်းချင်းအလိုက် ပြင်ဆင်သည့် မတ်လ ၁၇ ရက်က ကျင်းပသည့် ပူးပေါင်းကော်မတီအစည်းအဝေးတွင်း ပြဋ္ဌာန်းချက်များထဲမှ အခန်း(၄)ရှိ ပုဒ်မ (၇၄)မှ ပုဒ်မ (၁၉၈)အထိ ပါရှိသည့်အနက် ပုဒ်မ(၁၄၇) ခေါင်းစဉ် အစုအထိ ဆွေးနွေးခဲ့ကြကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

“ဒါတွေက အကုန်လုံးပြင်ဆင်ချက်တွေ တင်သမျှပြင်ဆင်ချက်တွေ အကုန်လုံးကိုမှတ်တမ်းပြုတာပဲလေ။ ဒီအစည်းအဝေးက ။ တစ်ဆင့်ချင်းသွားတာပေါ့။ အခုဟာကတော့ ဒီနေ့ဆိုရင် လုပ်ငန်းကျွမ်းကျင်သူတွေလည်း ရှိတာပဲ။ အဆင်ချောတာလည်းရှိတာပဲ။ လုပ်ငန်းလေးတွေကတော့ အစီအစဉ်ကတော့ မြန်မြန်ဆန်ဆန်လေး ပြီးတယ်။ အားလုံးကို မှတ်တမ်းပြုထားကြတာပေါ့။ ပါတီအသီးသီးရဲ့သုံးသပ်ချက်တွေနဲ့ ပြင်ဆင်ချက်တွေ တင်ခွင့်ရတာပေါ့”ဟု ၎င်းက ပြောသည်။

အစည်းအဝေးတွင် လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ်များ လုံးဝ မပါဝင်ရေးကို ရခိုင်အမျိုးသား ပါတီ မှ ပြင်ဆင်ချက် ဆက်လက်တင်သွင်းခဲ့ပြီး ၊ အာဏာရပါတီ NLD မှ တတိယအကြိမ် လွှတ်တော် သက်တမ်းမှ စတင်ကာ ပဥၥမအကြိမ် လွှတ်တော်သက်တမ်းတွင် လုံးဝ မပါဝင်တော့ရေးနည်းလမ်းဖြင့် ပြင်ဆင်ချက် တင်သွင်းခဲ့ကြောင်း သိရသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်းတစ်ရပ်ရပ်နှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်ကို ဆွေးနွေးခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော် မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခြင်းများအပါအဝင် အခြားကိစ္စများကို လုပ်ဆောင်လျှက် ရှိသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required