နယ်သာလန်မှာ လူသုံးဦးသေဆုံးတဲ့ ဓာတ်ရထားအတွင်း ပစ်ခတ်မှု သံသယရှိသူကို ဖမ်းမိ

နယ်သာလန်မှာ လူသုံးဦးသေဆုံးတဲ့ ဓာတ်ရထားအတွင်း ပစ်ခတ်မှု သံသယရှိသူကို ဖမ်းမိ
Photo-EPA

ယူထရက်၊ မတ် ၁၉ ။       ။ နယ်သာလန်နိုင်ငံ ယူထရက်မြို့မှာ ဓာတ်ရထားတစ်စီးအတွင်း သေနတ်နဲ့ ပစ်ခတ်လို့ လူသုံးဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်က သံသယရှိတရားခံကို တနင်္လာနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။

နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ ယူထရက်မြို့က ၂၄ အော့တိုဘာပလိန်းရင််ပြင်မှာ ဖြစ်ပွားတဲ့ ဒီပစ်ခတ်မှုမှာ အသက် ၃၇ နှစ််အရွယ် တူရကီနွယ်ဖွား ဂို့မန်းတန်နစ်ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ကောက်ချက်ချထားတဲ့ ဒီပစ်ခတ်မှုမှှာ တရားခံကို ရဲတပ်ဖွဲ့က အကြီးစား မြေလှန်ရှာဖွေရေး လုပ်ဆောင်ပြီး တစ်နေ့တည်းအတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ပြီး နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်လို့ ရဲတပ်ဖွဲ့ဟာ မြေလှန်ရှာဖွေခဲ့တာပါ။

အဲဒီ ဓာတ်ရထားအတွင်း ဒေသစံတော်ချိန် တနင်္လာနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားတဲ့ ဒီပစ်ခတ်မမှာ ဒဏ်ရာရသူက ငါးဦး ရှိပါတယ်။ ဒီလို လူသေဆုံးတဲ့ ပစ်ခတ်မှုဖြစ်အပြီးမှာ မြို့မှာရှိတဲ့ ဗလီတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်ခိုင်းထားခဲ့ပါတယ်။

ပစ်ခတ်မှု ကျူးလွန်တဲ့ သံသယရှိသူကို အဆောက်အအုံတစ်ခုအတွင်းမှာ တွေ့ရှိတာဖြစ်ပြီး လက်နက်အပြည့်တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့လို့ ဖမ်းဆီးခဲ့ရတာပါ။

အခု ပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒ စေ့ဆော်ချက်ကြောင့် ကျူးလွန်တာ ဖြစ်နိုင်တဲ့အပေါ် စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required