မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကား တပ်ဆင်မည်

မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကား တပ်ဆင်မည်

မကွေး၊ မတ် ၁၈ ။     ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊စကုမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် လာမည့် ၂၀၂၀ ပွဲတော်အမီ ဓာတ်လှေကား တပ်ဆင်မည်ဟု ရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မတီအဖွဲ့ထံက သိရသည်။

“တိုင်းအစိုးကိုတော့ တင်ပြထားပြီးပါပြီ။ အထက်စက်တော်ရာ တက်တဲ့ (နှစ်ကျိပ်ရှစ်ဆူ) နားမှာ ကွင်းထိုးထား တယ်။ အဲဒီကနေ (ကိုးခန်းကြီး) တန်ဆောင်း အရောက်ပေါ့၊ Master plan အနေနဲ့တော့ စီစဉ်ထားတယ်။ အဲဒါပြီးလို့ နောက်နှစ်ကြရင်လည်း (ကိုးခန်းကြီး) တန်ဆောင်းကနေ အထက်စက်တော်ရာအရောက် စက်လှေကားတပ်ဖို့ စီစဉ်ထားတယ်” ဟု ရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချဳပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မန်းရွှေစက် တော် ဘုရားသို့ ရောက်ရှိလာပြီး ကျွမ်းကျင်အင်ဂျင်နီယာများ ၊ ဂေါပကများ ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ဦးစွာပထမ မန်းရွှေစက်တော် ဝတ္တကမြေကို ( Survey ) လုပ်ရန်နှင့် လက်ရှိစောင်းတန်းများ၏ အလှအပကို မထိခိုက်စေဘဲ အထက်ပါဒစေတီတော်သို့ ဓါတ်လှေခါး (Lift) ၊ ရွေ့လျားစက်လှေခါး (Escalator) တတ်ဆင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဆာဗေး အတိအကျတော့ မလုပ်ရသေးဘူး။ အဲလိုတဆင့်စီသွားဖို့ စီစဉ်ထားတယ်၊ ဘုရားဖူးပြည်သူတွေက စိတ်ဝင်စားတယ်။ အခုကို ဓာတ်လှေကားအတွက်ဆိုပြီး လာလှူ ကြတယ်။ စာရင်းအတိအကျအနေနဲ့ကတော့ ပွဲတော်ကာလပြီးမှ သိရမှာ။ အဲဒီစီမံကိန်းမျိုးကလည်း သက်ကြီးရွယ်အိုတွေအတွက်ကော ခေတ်နဲ့လျှော်ညီစွာ ဖြစ်သင့်ပြီလို့ ဂေါပကအဖွဲ့နဲ့ တိုင်ပင်ပြီး တိုင်းအစိုးရကို နှုတ်နဲ့တင်ပြတော့ တိုင်းအစိုးရကလည်း သဘောတူ တယ်။ အသေးစိတ်တွက်ချက်ပြီးမှ ပြန်တင်ပါလို့ ပြောတယ်” ဟု ဦးစန်းဌေးက ဆိုသည်။

ဓါတ်လှေကား တပ်ဆင်ရန် ကုန်ကျမည်ငွေပမာဏကို မတွက်ချက်ရသေးကြောင်း၊ယခု ကျင်းပလျှက်ရှိသော ပွဲတော်တွင် ဘုရားဖူးပြည်သူများမှ ဓါတ်လှေကားတပ်ဆင်ရန် အလှူ ငွေများလှူဒါန်းလျှက်ရှိပြီး ပွဲတော်အပြီး ရရှိမည့်အလှူ ငွေများအပြင် လိုအပ်ပါက ဘုရားကြီးဘဏ္ဍာငွေမှ စိုက်ထုတ်လုပ်ဆောင်သွားမည်ဟု သိရသည်။

မန်းရွှေစက်တော်ဘုရားကြီး၏ ဘဏ္ဍာငွေစုစုပေါင်းမှာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ(၂၈)ရက်နေ့အထိ ကျပ်သိန်း ပေါင်း ခြောက်သောင်းခွန်နှစ်ထောင်ကျော်ရှိပြီး ပွဲတော်အား နှစ်စဉ် တပို့တွဲ လဆန်း(၅)ရက်နေ့မှ နှစ်ဆန်း နှစ်ရက်နေ့အထိ ရက်ရှည် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required