သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သောဖခင် တစ်လကျော်အထိ ထွက်ပြေးလွတ်မြောက်နေ

သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သောဖခင် တစ်လကျော်အထိ ထွက်ပြေးလွတ်မြောက်နေ
သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသော် ဖခင်ဖြစ်သူကို တရားလိုလုပ်အမှုဖွင့်မည့်သူမရှိသဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေပိုင်းက ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်စဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မတ်လ ၁၈ ။       ။ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာတွင် ဖခင်အရင်းမှ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်မှ ဖခင်ဖြစ်သူမှာ တစ်လနှင့် ၂ ပတ်ကြာအထိ ထွက်ပြေး လွတ်မြောက်နေပြီး လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့မှ နယ်မြေပိတ်ဆို့ စုံစမ်းရှာဖွေလျက်ရှိကြောင်း ဒေးဒရဲမြို့မရဲ စခန်းမှ သိရသည်။

“ လက်ရှိတော့ စုံစမ်းနေတုန်းပဲရှိတာပေါ့။ ထွက်ပြေးလွတ်မြောက်နေတဲ့ အခြေအနေပေါ့။ ကျွန်တော်တို့ ဒေးဒရဲပိုင်အပြင်ဘက်မှာလည်း ရှာဖွေပြီးပြီ။ မရှိဘူး။ အဲ့ဒီရွာက အုပ်ချုပ်ရေးမှူးနဲ့ ချိတ်ဆက်ပြီးတော့လည်း အခြေအနေကိုမပြတ်စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့လည်း ရွာပတ်ဝန်းကျင်နဲ့၊ ရွာကိုလည်း ခဏခဏ ဆင်းကြည့်တယ်”ဟု စွပ်စွဲခံရသူကို ရှာဖွေရာတွင်ပါဝင်သည့်  ဒေးဒရဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမ၏ မေးမြန်းမှုကို မတ်လ ၁၈ ရက်နေ့တွင် ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်မှာ အလုပ်လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ၊ တနိုင်တပိုင်ရောင်းချနေသည့် မုန့်ဟင်းခါးဆိုင်သို့ ရောက်ရှိလာပြီးနောက် တစ်လလျှင် ကျပ် ၄ သောင်းဖြင့် အလုပ်လုပ်ခဲ့သည်။

ထိုသို့ လုပ်ကိုင်ခဲ့ပြီးနောက် ရက်ကြာလာသည့်အခါ သူ့အား ဖခင်အရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ သည့်အကြောင်း ဆိုင်ရှင်အမျိုးသမီးကို ရင်ဖွင့်ပြောပြခဲ့ပြီးနောက် နောက်ပိုင်းတွင် မဇ္စျိမသတင်းဌာနနှင့်ချိတ် ဆက်မိကာ မိန်းကလေးငယ်နှင့် ဆိုင်ရှင်တို့က အင်တာဗျူးဖြေဆိုခဲ့ကြသည်။

ယင်း အင်တာဗျူးဗွီဒီယိုဖိုင်ကို မဇ္စျိမက တင်ပြခဲ့ပြီးနောက် အဆိုပါ ကျေးရွာသို့ စုံစမ်းမှုများ ဆက်လက်ပြုလုပ် နေစဉ် မိန်းကလေးငယ်ကို သင်ပေါင်းချောင်ကျေးရွာမှ ပြန်လာခေါ်သွားသဖြင့် မဇ္စျိမသတင်းဌာနမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြေပြင်ကွင်းဆင်း စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်၏ အသိပေးအကြောင်းကြားမှုကြောင့် ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ပိုင်းတွင် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူကို ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းခဲ့သော်လည်း ညနေပိုင်း ၆ နာရီ ခန့်အထိ တရားလိုလုပ်အမှုဖွင့်ပေးမည့်သူမရှိသဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ကျေးရွာအတွင်းနေထိုင်သူများပြောပြချက်အရ မိန်းကလေးငယ်၏ ဖခင်မှာ မျိုးရိုးစဉ်ဆက် စိတ်ကျန်းမာ ရေးချို့တဲ့( ရပ်ကွက်အပြော ကျပ်မပြည့်)သည့် ဝေဒနာခံစားနေရသူဖြစ်ပြီး မိန်းကလေးငယ်မှာ သက် ၁၃ နှစ်အရွယ် ညီမဖြစ်သူ၊ အသက် ၈ နှစ်ခန့် မောင်ဖြစ်သူ၊ ဖခင်ဖြစ်သူတို့နှင့် ရွာ၏ အပြင်ဘက် ချောင်းစပ်၊ လယ်ကွင်းနားတွင် တဲ့အိမ်ငယ်ဖြင့် နေထိုင်ဖြစ်ကြောင်းသိရသည်။

မိန်းကလေးငယ်က သူ့အားဖခင်ဖြစ်သူမှ အဓမ္မပြုကျင့်ခဲ့သည့်အကြောင်းကို ၃ ကြိမ်တိတိ မဇ္စျိမသို့ ခိုင်ခိုင် မာမာပြောဆိုခဲ့သော်လည်း ယင်းကိစ္စအား မမြင်၊ မကြားသဖြင့် မိန်းကလေးငယ်၏ ပြောဆိုချက်တစ်ခုတည်း ဖြင့်သာ တရားလိုလုပ်အမှုမဖွင့်နိုင်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် မိန်းကလေးငယ်၏ ဦးလေးနှင့် အဆိုပါ ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပြောဆိုခဲ့ကြသည်။

သို့သော် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသမီးအဖွဲ့နှင့် ဒေးဒရဲမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၏ ကူညီပေးမှုဖြင့် ကာယကံရှင်မိန်းကလေးငယ်ကိုယ်တိုင် တရားလိုလုပ်အမှုဖွင့်တိုင်ကြားခဲ့သည်။

ထို့နောက် မိန်းကလေးငယ်အား မှုခင်းဆေးစာဖြင့် ဒေးဒရဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံမှ လက်ခံစစ်ဆေးခဲ့ပြီးနောက် ဒေးဒရဲမြို့မရဲစခန်းတွင် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူကို (ပ)၅၉/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/ ၅ဝ၆ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သော အမှုဖြစ်သည်။

ဖခင်ဖြစ်သူမှာ ထိုသို့ အမှုဖွင့်သည့်နေ့ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၈ နာရီခန့်တွင် ရွာမှ ထွက်ပြေး တိမ်းရှောင်နေပြီး မတ်လ ၁၈ ရက်နေ့အထိ ဖမ်းဆီးရမိသေးခြင်းမရှိသေးပေ။

လက်ရှိတွင် ကာယကံရှင်မိန်းကလေးငယ်အပါအဝင် ကလေးငယ် ၃ ဦးကို ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခေါ်ယူစောင့်ရှောက်ထားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required