Star Awards ပွဲတွင်ပေးအပ်ချီးမြှင့်မည့် Popular Award နှင့် People’s Choice Award တို့အတွက် SMS Voting ပေးမှုများကို ရပ်ဆိုင်း

Star Awards ပွဲတွင်ပေးအပ်ချီးမြှင့်မည့် Popular Award နှင့် People’s Choice Award တို့အတွက် SMS Voting ပေးမှုများကို ရပ်ဆိုင်း

ရန်ကုန်၊မတ် ၁၈ ။      ။ Star Awards ပွဲတွင်ပေးအပ်ချီးမြှင့်မည့် Popular Award နှင့် People’s Choice Award တို့အတွက် SMS Voting ပေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Star Awards ဆုရွေးချယ်ရေးကော်မတီက သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်မည့် Star Awards ဆုပေးပွဲ၏ People Choice Award ဆုအတွက် ရွေးချယ်ရာတွင် Voting ပေးသည့် စနစ်ကို ပြန်လည်ပြင်ဆင်လိုက်ခြင်းကြောင့် အနုပညာရှင်များသည် ပြိုင်ပွဲမှ နှုတ်ထွက်မှုများ ရှိလာခဲ့သည်။

"ဒီ Star Awards ရဲ့ People Choice ဆုကို မွန် ရင်ခုန်ခဲ့ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်း မေတ္တာ တွေနဲ့ အင်အားကိုပါ မြင်ရမှာ ထုတ်ပြခွင့်ရမှာ ဆိုပြီးတော့ပေါ့။ ခုတော့ နုတ်ထွက်လိုက်ပါပြီနော်။Voting စနစ် မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံ မဖြုန်းချင်ပါဘူး။ မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆု မလိုချင်တော့ပါဘူးနော်။ ၁ စောင် ၁၅ ကျပ်နဲ့ မရပ်ဘဲ အကန့်သတ်မဲ့ဆိုတော့ ပိုပြီး မလိုလားပါဘူး"လို့ သက်မွန်မြင့်က သူ့၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပရိသတ်၏ရာနှုန်းပြည့် Voting ပေးမှုဖြင့်ရရှိမည့် People Choice Award အတွက် Facebook ပေါ်တွင် တင်ထားသော အနုပညာရှင်၏ မူရင်းပိုစ့်တွင် Like (မည်သည့်Reaction မဆို) ရရှိမှု (၇၅) ရာခိုင်နှုန်းနှင့် ဖုန်းဖြင့်ပေးပို့သော SMS Voting (၂၅) ရာခိုင်နှုန်း ပေါင်းကာ မှန်ကန်စွာရွေးချယ် ချီးမြှင့်ပေးအပ် သွားမည် ဖြစ်ကြောင်း Star Awards ဆုရွေးချယ်ရေးကော်မတီက ကနဦး ကြေညာခဲ့သည်။

People Choice Award ဆုအတွက် အားပေးသည့် ပရိသတ် များအနေဖြင့် မိမိအားပေးသော အနုပညာရှင်၏ Voting နံပါတ်ကို  မိုဘိုင်းဖုန်းမှ တဆင့် 8690 ဆိုသည့် နံပါတ်ကို SMS တစ်စောင် ၁၅ ကျပ်နှုန်းဖြင့် အကန့်အသတ် မရှိ Vote ပေးရမည်ဖြစ်သည်။

အကန့်သတ်မရှိ SMSမှ Voteပေးရသည့် Votingစနစ်ကြောင့် နာမည်ကြီးအနုပညာရှင်များဖြစ်ကြသည့် စိုင်းစိုင်း၊သက်မွန်မြင့်၊ပြေတီဦး၊အိန္ဒြောကျော်ဇင်၊ပိုင်ဖြိုးသု၊ကျော်ထက်အောင်၊နေတိုး၊မင်းသွေး၊ ထွန်းထွန်း၊ ဇာဏ်ခီ၊ခရစ်တီးနားခီ၊ အလင်းရောင်တို့ှ People Choice Award မှနုတ်ထွက်ကြောင်း ၄င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားထားကြသည်။

အဆိုပါ Voting စနစ်အပေါ် အနုပညာရှင်များနှင့် ပရိသတ်များ၏ ဝေဖန်မှုများ ဆက်တိုက်မြင့်တက် လာမှု ကြောင့် မတ်လ ၁၈ ရက်နေ့တွင် “ပရိသတ်များအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မည် စိုးသောကြောင့် Star Awards ပွဲတွင်ပေးအပ်ချီးမြှင့်မည့် Popular Award နှင့် People’s Choice Award တို့အတွက်  SMS Voting ပေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပေးပို့ထားပြီးသော SMS Voting အတွက် ကုန်ကျထားသည့် ငွေများကိုလည်း ပေးပို့ထားသည့် ဖုန်းနံပါတ် များအတိုင်းအော်ပရေတာများကနေ ငွေများ ကိုပြန်လည် ပေးပို့ပေးသွားမည်ဖြစ်ကြောင်း”  Star Awards ဆုရွေးချယ်ရေးကော်မတီက မတ်လ ၁၈ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် Star Awards ပွဲတွင်ပေးအပ်ချီးမြှင့်မည့် Popular Award နှင့် People’s Choice Award တို့အတွက် SMS Voting အစီအစဉ်ထည့်သွင်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကိုယ်ကြိုက်နှစ်သက်သော အနုပညာရှင်ကို တစ်ခါမကသော vote အရေအတွက်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်မှာ ငွေကြေးအကျိုး အမြတ်ရလိုမှုအတွက်အဓိကမဟုတ်ကြောင်းလည်း ဖြေရှင်းထားသည်။

၂၀၁၈ ခုနှစ်အတွက် Star Awards ဆုရွေးချယ်ပွဲ အကြောင်းကို(၉.၁.၂၀၁၉) မွန်းလွဲ(၁)နာရီက The Yangon Gallery တွင်ပထမဆုံးစာနယ်ဇင်းရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း ထိုသတင်းစာရှင်းလင်းပွဲတွင် Star Awards မှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် အလှူငွေ သိန်း(၁၅၀)၊ ကိုလူချောနှင့်အဖွဲ့အတွက် အလှူငွေသိန်း(၁၀၀)၊ မကြာခင်ကဆုံးပါးသွားသော ဦးမင်းစိန်၏ ကျန်ရစ်သူမိသားစုအတွက် အလှူငွေ (၁၀) သိန်းနှင့် ဆေးရုံတက်၍ဆေးဝါးကုသမှုခံယူနေသော သရုပ်ဆောင်ကစ်ကစ်အတွက် အလှူငွေ (၁၀)သိန်စီ အသီးသီးပေးအပ်လှူဒါန်းပေးခဲ့ပါကြောင်း ထည့်သွင်းရေးသားထားသည်။

ထိုသို့ လှူဒါန်းမှုထဲတွင်ရုပ်ရှင်လောကမှ အနုပညာရှင်များကအမေများအဖွဲ့အား လှူဒါန်းသွားရန် အစီအစဉ် တစ်ခု ကျန်ရှိနေခြင်း ဖြစ်ကာ Sms ကနေရရှသော ငွေများအား လှူဒါန်းသွားရန် စီစဉ်ထားရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လှူဒါန်းမှုကိုလည်း Star Awards ဆုပေးပွဲ ကျင်းပမည့် နေ့့တွင် Star Awards ဆုရရှိသော အနုပညာ ရှင်များကဲ့သို့ ရုတ်တရက်ဝမ်းသာစေရန် ရည်ရွယ်ကာကြေညာပေးသွားရန်စီစဉ်ထားမှုအတွက် စေတနာ အမှား ကြောင့်ဖြစ်ပါကြောင်း ဖော်ပြထားသည်။

ယခုအခါ အနုပညာရှင်အချို့နှင့်ပရိသတ်များ၏ ဆန္ဒအတိုင်းဖြစ်စေရန် ချက်ချင်းတိုင်ပင်ဆွေးနွေးအဖြေရှာ သော်လည်း ရာခိုင်းနှုန်းလျော့ပေးနိုင်ဖို့အတွက်သာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးရပ်ဆိုင်းပေးနိုင်ဖို့အတွက် အော် ပရေတာများ၏ရုံးဖွင့်ချိန်နှင့် ဆုံးဖြတ်ချက်ကိုစောင့်နေရသဖြင့်အချိန်နောက််ကျရသည်ကိုလည်း ခွင့်လွတ် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။စေတနာဖြင့် မှားယွင်းမှုဖြစ်ခဲ့ရသည့်အပေါ်တွင် စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရသောအနုပညာရှင်များနှင့်ပရိသတ်များကိုလည်းအနူးညွတ်တောင်းပန်အပ်ပါသည်ဟု ရှင်းထား သည်။

 

ထို့ကြောင့် ဒီမိုကရေစီ စံနှုန်းနှင့်အညီအများသဘောထားဆန္ဒအတိုင်း ဖုန်းဖြင့်ပေးပို့သော SMS Votingစနစ်ကို Star Awards ဆုရွေးချယ်ရေးကော်မတီအနေဖြင့် ရပ်ဆိုင်းပေးလိုက်ပါကြောင်း ထို့အပြင် ပေးပို့ထားပြီးသော SMS Voting အတွက် ကုန်ကျထားသည့် ငွေများကိုလည်းပေးပို့ထားသည့်ဖုန်းနံပါတ်များအတိုင်း အော်ပရေတာ များကနေ ငွေများကိုပြန်လည်ပေးပို့ပေးသွားမည်ဖြစ်ကြောင်း ထို့အတွက်ပရိသတ်၏ရာနှုန်းပြည့် ပေးမှုဖြင့် ရရှိ မည့် People Choice Award တွင် Facebook ပေါ်၌ တင်ထားသော အနုပညာရှင်၏ မူရင်းပိုစ့်တွင် Like (မည် သည့်Reaction မဆို)ရရှိမှု (၁၀၀) ရာခိုင်နှုန်းဖြင့် ပွင့်လင်းမြင်သာစွာဖြင့် အားပေးနိုင်ပါကြောင်း တင်ပြ အပ်ပါသည်ဟု မတ်လ ၁၈ ရက်နေ့တွင် ထပ်မံ အသိပေးကြေညာခဲ့သည်။

Star Awards ရုပ်ရှင်ဆုတွင် ဆုအရေအတွက် စုစုပေါင်း ၂၃ ဆုပေးအပ်မည်ဖြစ်ပြီး Popular Award နှင့် People’s Choice Award  ဆု ၂ ဆုအတွက်သာ ပရိသတ်အကြိုက်ရွေးချယ် ပေးနိုင်ရန်စီစဉ် ပေးထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly